ကိုရီးယားရောက်မြန်မာ လုပ်သား တစ်ဦး လုပ်ငန်းခွင်အတွင်းထိခိုက်မိပြီး ကွယ်လွန်

ကိုရီးယားရောက်မြန်မာ လုပ်သား တစ်ဦး လုပ်ငန်းခွင်အတွင်းထိခိုက်မိပြီး ကွယ်လွန်
- တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦး ဒီနေ့ လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှုဖြစ်ကာ သေဆုံးသွားတယ်လို့ ကိုရီးယားရောက်မြန်မာအသိုင်းအဝိုင်းဆီက သိရပါတယ်။ဧပြီလ ၆ ရက် နေ့လယ်က ကိုရီးယားနိုင်ငံ၊ ကင်ဖိုမြို့ ပလပ်စတစ် ပစ္စည်း ထုတ် စက်ရုံမှာ အလုပ် လုပ်ကိုင်နေတဲ့အသက်၂၉နှစ်အရွယ် ကိုသော်ထက်အောင် ဟာ ပစ္စည်းရွှေ့ သံချိန်းကြိုးစက်နဲ့ ဦးဂေါင်းကို ရိုက်မိကာ ရုတ်တရက် ကွယ်လွန်သွားခဲ့တာလို့ဆိုပါတယ်။
- ကိုသော်ထက်အောင်ဟာ မြင်းခြံမြို့ကနေလာရောက်လုပ်ကိုင်သူ ဖြစ်ပြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး ကင်ဖို ရဲစခန်း ရဲဝန်ထမ်းများက စက်ရုံ တာဝန်ရှိသူများကို စစ်ဆေးနေပါတယ်လို့ ကိုရီးယားရောက်မြန်မာလုပ်သားအရေးကူညီနေသူ ကိုဇော်မိုးအောင်ကပြောပါတယ်။”ရဲစစ်ချက်ပြီးဆုံးပြီး သဂြိုဟ်ခွင့် ရရှိပါက ကျန်ရစ်သူ မိသားစုနဲ့ တိုင်ပင်ကာ အသုဘရှု အစိအစဥ်ကို ထပ်မံကြေညာပေးသွားပါမယ်”လို့ ကိုဇော်မိုးအောင်က သူ့ရဲ့ဖေ့စ်ဘွတ်လူမှုကွန်ရက်ကနေအသိပေးထားပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သားတွေလုပ်ငန်းခွင်အတွင်းမကြာခဏထိခိုက်မှုကြောင့် ဒဏ်ရာရရှိတာတွေ၊သေဆုံးတာတွေဖြစ်နေတဲ့အတွက်သတိထားလုပ်ကိုင်ကြဖို့ မြန်မာလူမှုအဖွဲ့တွေက သတိပေးထားပါတယ်။