အောက်တိုဘာ ၁ ၊ Migrant Times ။
ထိုင်းနိုင်ငံ ဖစ်ဘူရီခရိုင်ရှိ ကဲလ်-ကွန်(Cal-Comp) စက်ရုံမှ ယမန်နေ့ စက်တင်ဘာလ ၃ဝ ရက်နေ့တွင် မြန်မာအလုပ်သမား ၁,၄၅ဝ ဦးအား ကြိုတင်အသိမပေးပဲ ရုတ်တရက်အလုပ်ဖြုတ်လိုက်ပြီး ဥပဒေအရ စက်ရုံဘက်မှလျော်ကြေးပေးမည်ဟုပြောကြောင်း ထိုင်းသတင်းက ဖော်ပြသည်။
ကဲလ်-ကွန် ကုမ္ပဏီသည် ဝယ်လိုအား မတည်ငြိမ်မှုကြောင့် ကုမ္ပဏီရှိ ဝန်ထမ်းစုစုပေါင်း ၂၉,၂၅၆ ဦးအနက် မြန်မာဝန်ထမ်း ၁,၄၅ဝ ဦးကိုလျှော့ချခြင်းဖြစ်ကြောင်း ဖော်ပြသည်။
အလုပ်ရပ်စဲခြင်း အတွက် ထိခိုက်သူ ဝန်ထမ်းများအား ဥပဒေအရ သတ်မှတ်ထားသော လျော်ကြေးနှင့် အကျိုးခံစားခွင့်များကို ပေးချေခဲ့ပြီး အိမ်ငှားစရိတ် ဘတ်ငွေ ၁,၀၀၀ ၊ ခရီးစရိတ် ဘတ်ငွေ ၃၀၀ နှင့်တစ်ဦးချင်းစီအတွက် လုပ်ခ ၁ လစာ ကို ထပ်ဆောင်းလျော်ကြေးပေးမည်ဖြစ်ကြောင်း ဆိုသည်။
ထို့အပြင် အလုပ်ရပ်စဲခံရသူ ဝန်ထမ်းများအား ပံ့ပိုးကူညီရေးစင်တာကို ယနေ့အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိတစ်လကြာ ဖွင့်လှစ်ထားပြီး တိုင်ပင်ဆွေးနွေးမှုများ ပေးသွားမည်ဖြစ်ကြောင်းသတင်းကဖော်ပြသည်။
သို့သော်လည်း မြန်မာအလုပ်သမားများသည် ကဲလ်-ကွန် စက်ရုံတွင် အလုပ်ရရန် အလုပ်ဝင်ခ စမတ်ခ(ပွဲစားခ)ဘတ်ငွေသောင်းချီပေးခဲ့ရသူများဖြစ်ကြောင်း သိရသည်။ မြန်မာအလုပ်သမားများသည် ယမန်နေ့ စက်ရုံ၌စုဝေးနေကြသည့်အတွက် စက်ရုံဘက်မှ ထိုင်းရဲများခေါ်ပြီးစောင့်ကြည့်ခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့တာဝန်ခံ ကိုရဲမင်းက လူမူကွန်ရက်မှတဆင့်ပြောသည်။
မြန်မာအလုပ်သမားများအား စက်ရုံဘက်မှ အလုပ်သွင်း စမတ်ခ တစ်ဦးလျှင် ဘတ် ၁၉,၀၀၀ ထိယူခဲ့ပြီးသုံးလခန့် အလုပ်ပေးကာ အလုပ်မှထုတ်ခြင်း၊ လူသစ်များအား စမတ်ခယူကာ အစားထိုးခြင်းများပြုလုပ်နေပြီး ထိုင်းဥပဒေပါအတိုင်း ကူညီပေးရန် အမြန်ဆုံးသွားရောက်ခဲ့သော်လည်း စက်ရုံအတွင်းပေးဝင်ခြင်းမရှိကြောင်း၊ မြန်မာ အလုပ်သမားများအား ကဲလ်-ကွန် ကုမ္ပဏီတွင်အလုပ်သွင်းပေးခြင်းအား တဆင့်ခံ ဆပ်အေဂျင့်များကပြုလုပ်ခဲ့ပြီး ပုံစံမျိုးစုံနှင့် ဒုက္ခပေးခဲ့ခြင်းဖြစ်ကြောင်း ကိုရဲမင်းက လူမူကွန်ရက်တွင်ရေးသားသည်။
မြန်မာအလုပ်သမားများအား စက်ရုံမှအလုပ်ဆင်းရက် ၄ လမပြည့်ခင်ထုတ်ခဲ့သည့်အတွက် ထိုင်းဥပဒေအရ လျော်ကြေးရရန် မရှိသော်လည်း အလုပ်သမားအခွင့်အရေးအရ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့မှသိရသည်။
ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် – MWRN ကလည်း Cal-Comp စက်ရုံမှ မြန်မာအလုပ်သမားအသစ်များအား ရုတ်တရက်အလုပ်ထုတ်ခံရမှုနှင့်ပတ်သက်ပြီး Cal-Comp စက်ရုံ၏ မူရင်းဌာနချုပ် ထိုင်ဝမ်နှင့် ဝယ်လက်များဖြစ်သော နိုင်ငံတကာဝယ်လက်ကုမ္ပဏီများထံ အချိန်နှင့်တပြေးညီ ဆက်သွယ်တိုင်ကြားခဲ့ပြီးဖြစ်ကြောင်း ယမန်နေ့ကထုတ်ပြန်သည်။
Photo – Khaosod / CJ