Migrant Times Blog သတင်း ထိုင်း နွန်ထဘူရီစျေးတစ်ခုတွင် မြန်မာလုပ်သား ၁၅ ဦး ဖမ်းဆီးခံရ
သတင်း

ထိုင်း နွန်ထဘူရီစျေးတစ်ခုတွင် မြန်မာလုပ်သား ၁၅ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ နွန်ထဘူရီ၊ ဘန်ယာယ်ဗဟိုဈေးကို ယနေ့(ဇွန်လ၁၃) နံနက်အစောပိုင်းတွင် စစ်ဆေးရေးအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာအလုပ်သမား ၁၅ ဦး အပါအဝင် စုစုပေါင်း ၂၀ ဦးကို တရားမဝင်လုပ်ကိုင်သည့်အတွက် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။

ကနဦး စစ်ဆေးချက်များအရ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားသား အလုပ်သမားများမှာ ဗီယက်နမ်နိုင်ငံသား ၁ ဦး၊ လာအိုနိုင်ငံသား ၄ ဦး နှင့် မြန်မာနိုင်ငံသား ၁၅ ဦး တို့ ဖြစ်သည်ဟုသိရသည်။

ယနေ့ ဇွန်လ ၁၃ ရက်၊ နံနက် (၀၀:၃၀) နာရီအချိန်တွင် နွန်ထဘူရီခရိုင်၊ ဘန်ယာယ်မြို့နယ် ရဲစခန်းနှင့်ပူးပေါင်းအဖွဲ့အင်အား ၂၅၀ ကျော်က နွန်ထဘူရီခရိုင်၊ ဘန်ယာယ်မြို့နယ်ရှိ ဘန်ယာယ်ဗဟိုဈေး တွင် နိုင်ငံခြားသား အလုပ်သမားများကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဘန်ယာယ်ဗဟိုဈေးသည် ကုန်စိမ်း၊ အသား၊ ပင်လယ်စာ၊ မုန့်ပဲသရေစာ၊ ကုန်အခြောက်ပစ္စည်းများကို လက်ကားရောင်းချသည့် ဈေးကြီးဖြစ်ပြီး ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ရှိသည်။

မြန်မာအလုပ်သမား ၁၅ ဦး အပါအဝင် စုစုပေါင်း ၂၀ ဦးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ဘန်ယာယ်မြို့နယ် ရဲစခန်းထံသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

News – Migrant Times

Exit mobile version