Migrant Times Blog သတင်း မြန်မာကိုထိုးခဲ့သည့် ထိုင်းတစ်ဦးထံမှ လျော်ကြေး ဘတ် ၅ သောင်းရယူပြီး အမှုပိတ်သိမ်း
သတင်း

မြန်မာကိုထိုးခဲ့သည့် ထိုင်းတစ်ဦးထံမှ လျော်ကြေး ဘတ် ၅ သောင်းရယူပြီး အမှုပိတ်သိမ်း

လူမှုကွန်ယက်ပေါ်၌ပြန်နှံ့ခဲ့သည့် မြန်မာနိုင်ငံသားအမျိုးသားအား ထိုင်းနိုင်ငံသားအမျိုးသားကထိုးကြိတ်နှိပ်စက်ခဲ့သောအမှုသည် ယမန်နေ့ ဩဂုတ်လ ၁ဝ ရက်တွင်ပြီးဆုံးခဲ့ကြောင်း M.H.A.C (မဟာမိတ်အဖွဲ့) မှသိရသည်။

M.H.A.C ထုတ်ပြန်ချက်များအရ ကိုသားညီအမည်ရ အသက် ၂၄ နှစ်အရွယ် မြန်မာအမျိုးသားသည် ထိုင်းနိုင်ငံ ပထုန်ဋ္ဌာနီရှိ ပထုံဆေးရုံအနီးတွင် ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ည ၉ နာရီခန့်၌ ဆိုင်ကယ်ဘီးပေါက်ခဲ့ပြီး အနီးနားရှိဆိုင်တွင်ပြင်ခဲ့သည်။

ဆိုင်ကယ်ဘီးပြင်ဆင်ခ ထိုင်းဘတ်ငွေ ၁၄ဝ ကုန်ကျခဲ့ပြီး ကိုသားညီက ပါလာသော ဘတ် ၅ဝဝ တန်နှင့် ဘတ် ၁ဝဝဝ တန်ကို ပေးချေခဲ့သည်။ ဆိုင်ကယ်ပြင်ဆိုင်က အကြွေလဲပေးရန်တောင်းဆိုသောကြောင့် ညီမဖြစ်သူထံအကြွေယူရန် ထွက်လာခဲ့သည်။

ကိုသားညီမှ အကြွေယူရန်ထွက်သွားပြီးနောက်တွင် ဆိုင်ကယ်ဆိုင်မှ ကားတစ်စီး ဆိုင်ကယ်တစ်စီးဖြင့် လိုက်လာကာ လိမ်ပြေးသည်ဟုပြောဆိုပြီး ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်က ထိုးကြိတ်ခဲ့သည်။

ဆိုင်ပိုင်ရှင်နှင့်အတူ ပါလာသည့်သူက ဗီဒီယိုရိုက်ခဲ့ပြီး နောက်ပိုင်း၌ ဖေ့ဘုတ်စ်လူမှုကွန်ရက်တွင် လူလိမ်ဟုဆိုကာတင်ခဲ့သောကြောင့် ကိုသားညီက M.H.A.C(မဟာမိတ်အဖွဲ့)ကို အကူညီတောင်းခဲ့သည်။

ကိုသားညီ၏ အမှုကို ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့တွင် NUG အလုပ်သမားဝန်ကြီးဌာနနှင့်အတူ M.H.A.C(မဟာမိတ်အဖွဲ့)ကပထုန်ဋ္ဌာနီရဲစခန်းတွင် အမှုဖွင့်ခြင်းတိုင်ကြားခဲ့သည်။

အမှုဖွင့်သည့်နေ့၌ နစ်နာသူသဘောဆန္ဒအရ လျော်ကြေးဘတ် ၅ သောင်းနှင့် တောင်းပန်စေရန် သတ်မှတ်ခဲ့ပြီး ယင်းနေ့တွင်ပင် ရဲစခန်း၌ ကျုးလွန်သည့် ထိုင်းနိုင်ငံသားက ဘတ် ၁ သောင်း ကနဦးပေးဆောင်ကာ သူ၏အမှားအတွက် ဝန်ခံတောင်းပန်ခဲ့ သည်။

ယမန်နေ့ သြဂုတ်လ ၁ဝ ရက်နေ့တွင် ရဲစခန်း၌ ကျုးလွန်သည့် ထိုင်းနိုင်ငံသားက ဘတ် ၄ သောင်းနှင့် ထပ်မံတောင်းပန်ကာ အမှုအား နစ်နာသူနှင့် ကျူးလွန်သူတို့၏ နှစ်ဦးနှစ်ဖက်သဘောတူညီမှုဖြင့် လက်မှတ်ထိုးကာ ပြီးဆုံးခဲ့ကြောင်း M.H.A.C (မဟာမိတ်အဖွဲ့) မှသိရသည်။

နစ်နာသူ မြန်မာအမျိုးသားဘက်မှ ယခုထက်လျော်ကြေး ပိုမိုရနိုင်သော်လည်း သူ၏ နှလုံးခွဲစိတ်ရန်လိုအပ်သည့် လသားအရွယ်ကလေးအား ငဲ့ညှာကာ အမှုအား အမြန်ပြီးဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo – M.H.A.C

Migrant Times

Exit mobile version