ထိုင်းနိုင်ငံ ၊ စမွတ်စခွန်ခရိုင် မဟာချိုင်နယ်မြေရှိ အလုပ်သမားတန်းလျားတွင် အလုပ်သမားလူသစ်မှတ်ပုံတင် (ဘတ်) တင်ဖို့စောင့်နေသည့် မြန်မာနိုင်ငံသား အလုပ်သမား ၁၃၁ ဦးကို ထိုင်းရဲများက ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ ဦးဆောင်တာဝန်ခံ ကိုရဲမင်းကပြောသည်။
“ လက်ရှိတော့ စစ်တုန်းဆေးတုန်းပဲ ၊ မဟာချိုင်မှာပွဲစားတွေက မြန်မာတွေကိုလာထားတဲ့ တိုက်တန်းမှာဖြစ်တာ၊ မြန်မာလုပ်သားတွေ အကြွေးတွေနဲ့ဒုက္ခရောက်ကြပြီ။ သိန်း ၈၀ လက်ငင်းပေးပြီးတက်လာရတဲ့ အလုပ်သမားတွေဖြစ်တယ်” ဟု ကိုရဲမင်းက Migrant Times ကို အောက်တိုဘာလ ၁၆ ရက်နေ့ညနေတွင် ပြောကြားသည်။
မြန်မာပွဲစားအချင်းချင်း အဝေမတည့်ဖြစ်ရာမှ ပွဲစားတစ်ဦးက နေရာအတိအကျဖြင့် ထိုင်းလူဝန်မှုကြီးကြပ်ရေးဌာနသို့တိုင်ကြားရာက ဝင်ဖမ်းရခြင်းဖြစ်ကြောင်း ကိုရဲမင်းကဆက်ပြောသည်။
ထိုင်းနိုင်ငံတွင် အောက်တိုဘာလ ၁၅ ရက်နေ့က စတင်လိုက်သည့် တရားမဝင်သည့် ရွှေ့ပြောင်းအလုပ်သမားများအား ဘတ်(ခေါ်)ပန်းရောက်ကတ် နေထိုင်လုပ်ကိုင်ခွင့် (Work Permit) အသစ် ပြုလုပ်ပေးခြင်းလုပ်ငန်းစဉ်ကို ယာယီရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့ကြေညာသည်။ ဘတ်ယာယီရွှေ့ဆိုင်းခြင်းအကြောင်းပြကာ ယနေ့ ညနေတွင် မြန်မာအလုပ်သမားများအား ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
ပုံ-ထိုင်းအာဏာပိုင်များ ဖမ်းဆီးခြင်းခံလိုက်ရသော မြန်မာလုပ်သား ၁၃၁ ဦး။
– Migrant Times