Migrant Times Blog သတင်း ထိုင်းမှာ ဘတ်အသစ် ပြုလုပ်ပေးခြင်းကို ယာယီရွှေ့ဆိုင်း
သတင်း အလုပ်သမား သတင်း

ထိုင်းမှာ ဘတ်အသစ် ပြုလုပ်ပေးခြင်းကို ယာယီရွှေ့ဆိုင်း

ထိုင်းနိုင်ငံတွင် အောက်တိုဘာလ ၁၅ ရက်နေ့က စတင်လိုက်သည့် တရားမဝင်သည့် ရွှေ့ပြောင်းအလုပ်သမားများအား ဘတ်(ခေါ်)ပန်းရောက်ကတ် နေထိုင်လုပ်ကိုင်ခွင့် (Work Permit) အသစ် ပြုလုပ်ပေးခြင်းလုပ်ငန်းစဉ်ကို ယာယီရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာလ ၁၆ ရက်တွင်ကြေညာသည်။

ထိုင်းနယ်စပ်အခြေအနေ မတည်ငြိမ်မှုကြောင့် ဘတ်အသစ် လုပ်ငန်းစဉ်ကို ရွှေ့ဆိုင်းလိုက်သည်ဟုဖော်ပြထားပြီး မည်သည့်ရက်တွင် ပြန်လည်ပြုလုပ်ပေးမည်ဟု ဖော်ပြထားခြင်းမရှိပါ။ အလုပ်သမားမှတ်ပုံတင်ခြင်းအား အွန်လိုင်း သို့မဟုတ် လူကိုယ်တိုင် စာရင်းသွင်းခြင်းကို ယာယီရပ်ဆိုင်းလိုက်ကြောင်းထုတ်ပြန်သည်။

လက်ရှိနယ်စပ်အခြေအနေများသည် ထိလွယ်ရှလွယ်ဖြစ်နေခြင်းကြောင့် ရွှေ့ပြောင်း နိုင်ငံခြားသားများအားမှတ်ပုံတင်သည့်လုပ်ငန်းစဉ်ကိုယာယီရွှေ့ဆိုင်းခြင်းဖြစ်ကြောင်း ဖော်ပြသည်။

နိုင်ငံခြားသားအလုပ်သမားများအတွက် နေထိုင်လုပ်ကိုင်ခွင့် E-Work Permit စနစ် အလုပ်လုပ်ခွင့်လျှောက်လွှာများအား အွန်လိုင်းဝက်စ်ဆိုက်ပေါ်၌ အောက်တိုဘာလ ၁၅ ရက်မှ စတင်နိုင်ပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပြီး ၂၄ နာရီအပြည့်ခင် ယခုထုတ်ပြန်ချက်ထွက်လာခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာန၏ ဇူလိုင်လကုန် စာရင်းအရ ထိုင်းနိုင်ငံတွင်းတွင် ယခုအကြိမ်၌ ဘတ်အသစ်တင်ရန်စောင့်ဆိုင်းနေသည့် မြန်မာ၊ကမ္ဘောဒီးယား၊ လာအို နှင့် ဗီယက်နမ်နိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား၂ သန်းဝန်းကျင် ရှိနေသည်။

– ‌Migrant Times 

Exit mobile version