အောက်တိုဘာ ၂ဝ ၊ Migrant Times ။
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူများသည် ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ပြန်လည်လွတ်မြောက်လာကြောင်း STUM တာဝန်ရှိသူက Migrant Times ကိုပြောကြားသည်။
အင်းစိန်အကျဉ်းထောင်ထဲ၌ ဒုသမ္မတ အမိန့်ဖြင့် လက်ရှိ စွဲဆိုထားသော အမှုများအားလုံးကို ရုတ်သိမ်းကြောင်း ဖတ်ပြ ကြေငြာပြီးနောက် နေအိမ်သို့ ပြန်လည်ရောက်ရှိနေကြောင်း STUM ကထုတ်ပြန်ထားသည်။
“ ဟုတ်ကဲ့၊သတင်းကတော့ တင်ထားပါတယ် ၊ ကျန်းမာရေးကောင်းပါတယ်” ဟု STUM တာဝန်ရှိသူကပြောသည်။
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး နှင့်အတူ အခြား အလုပ်သမားအရေးလှုပ်ရှားသူများဖြစ်သည့် ကိုသက်နှင်းအောင် နှင့် မသက်ထားဆွေတို့လည်း ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
သို့သော်လည်း STUM ဝန်ထမ်း ၉ ဦးသည် အကျဉ်းထောင်းထဲတွင် အသီးသီးထိန်းသိမ်းချုပ်နှောင်ခံနေရဆဲဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ၎င်း၏နေအိမ်၌ ပြီးခဲ့သည့် ဇူလိူင်လ ၂၅ ရက်နေ့ညတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ၎င်းနောက် STUM ဝန်ထမ်း ၁ဝ ဦးကို ဇူလိူင်လ ၂၆ ရက်မှ ၂၈ ရက်အတွင်း ထပ်မံဖမ်းဆီးခဲ့သည်။
ဓာတ်ပုံ – STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး (ပေးပို့)

