Migrant Times Blog သတင်း ထိုင်းတွင် ဘုရင်မကြီး ကွယ်လွန်ခြင်းအတွက် ရက် ၃ဝ ဝမ်းနည်းခြင်းကာလ သတ်မှတ်
သတင်း

ထိုင်းတွင် ဘုရင်မကြီး ကွယ်လွန်ခြင်းအတွက် ရက် ၃ဝ ဝမ်းနည်းခြင်းကာလ သတ်မှတ်

အောက်တိုဘာ ၂၅ ၊ Migrant Times ။
ထိုင်းနိုင်ငံတွင် ဘုရင်မကြီး၊ ဘုရင်မင်းမြတ်၏ မယ်တော်ကြီး သီရိခေတ် (Her Majesty Queen Sirikit The Queen Mother) ကွယ်လွန်ခြင်းအတွက် ရက် ၃ဝ ဝမ်းနည်းခြင်းကာလ သတ်မှတ်လိုက်ကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။ ဘုရင်မကြီး ၊ ဘုရင်မင်းမြတ်၏ မယ်တော်ကြီးသီရိခေတ်သည် ယမန်နေ့ ၊ အောက်တိုဘာလ ၂၄ ရက်နေ့ညပိုင်း၌ သက်တော် ၉၃ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ထိုင်းအစိုးရအဖွဲ့သည်ယနေ့ တွင် အရေးပေါ် အထူးအစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး ဝန်ကြီးချုပ်ရုံးမှ ဝမ်းနည်းကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
ဘုရင်မကြီး ကွယ်လွန်ခြင်းအဖြစ် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့မှ ရက်ပေါင်း ၃၀ ကြာသတ်မှတ်ကြောင်း ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းရှိ အစိုးရရုံးများ၊ နိုင်ငံပိုင်လုပ်ငန်းများ၊ အစိုးရအေဂျင်စီများနှင့် ပညာရေးအဖွဲ့အစည်းများအားလုံးသည် ယနေ့နေ့မှစ၍ အလံများကို တစ်ဝက်ချထားရန်၊ အရပ်ဘက်ဝန်ထမ်းများ၊ နိုင်ငံပိုင်လုပ်ငန်းမှ ဝန်ထမ်းများနှင့် အစိုးရအရာရှိများသည် ဝမ်းနည်းခြင်းကို လိုက်နာကြရနှင့် အများပြည်သူများလည်း သင့်လျော်သလို ဝမ်းနည်းခြင်းကို လိုက်နာကြရန် တိုက်တွန်းထားသည်။
ထိုင်းတွင် ဖျော်ဖြေရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုပေးသည့် နေရာများအား ရက် ၃ဝ အကြာ ဖျော်ဖြေရေးလုပ်ငန်းများကို သင့်လျော်သလို ဆိုင်းငံ့ရန် နှင့်လျှော့ချခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။
ဘုရင်မကြီး သီရိခေတ်၏ နန်းတွင်းဈာပနအခမ်းအနားကို ရှေးဟောင်းနန်းတွင်းဓလေ့များအတိုင်း ဆောင်ရွက်မည်ဟုလည်းထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၂၆ ရက်၊ တနင်္ဂနွေနေ့တွင် မနက် ၈ နာရီ မှ ၁၂ နာရီအထိ ဘုရင်မကြီး၏ ပုံတူပန်းချီကားရှေ့တွင် ရေချိုးပူဇော်သည့် အခမ်းအနားကျင်းပမည်ဖြစ်ပြီး အများပြည်သူများအား ဘန်ကောက်မြို့ရှိ Grand Palace အတွင်းရှိ Sahathai Samakhom ပြာသာဒ်၌ လာရောက်အရိုအသေပေးခွင့်ပြုထားသည်။
ဓာတ်ပုံ – Khaosod
Exit mobile version