Migrant Times Blog သတင်း ဘတ် ၃ဝ ပြန်မပေးလို့ ဓားဖြင့်ထိုးသတ်ခဲ့တဲ့ မြန်မာ ၂ ဦးဖမ်းဆီးခံရ
သတင်း အလုပ်သမား သတင်း

ဘတ် ၃ဝ ပြန်မပေးလို့ ဓားဖြင့်ထိုးသတ်ခဲ့တဲ့ မြန်မာ ၂ ဦးဖမ်းဆီးခံရ

နိုဝင်ဘာ ၂ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ နခွန်ရတ်ချ်စီမာခရိုင် ၊ ပတ်ချွန်းမြို့နယ်၊ ဝမ်ဆိုင်းရပ်ကွက်၊ ကျေးရွာအမှတ် (၄)တွင်ဘတ် ၃ဝ ပြန်မပေးသည့် ထိုင်းလူမျိုး (၁) ဦးအား ဓားဖြင့်ထိုးသတ်ခဲ့ပြီးထွက်ပြေးနေသည့် မြန်မာအလုပ်သမား ညီအကို (၂)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့တွင် ထိုကျေးရွာအမှတ်(၄)ရှိ အခန်းတစ်ခန်း၌ နေထိုင်သည့် ထိုင်းအလုပ်သမား (၁) ဦးထံသို့ မြန်မာအလုပ်သမား(၂)ဦးက အရက်သောက်ပြီး ဘတ်ငွေ ၃၀ အကြွေးတောင်းရန် သွားရောက်ခဲ့ရာမှ အချင်းချင်း စကားများရန်ဖြစ်ကာ ထိုင်းအလုပ်သမားအား ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။

၎င်းနောက်မြန်မာအလုပ်သမား(၂) ဦးသည် ဘန်ကောက်မြို့သို့ ထွက်ပြေးပုန်းအောင်းခဲ့ပြီး ယနေ့
နိုဝင်ဘာလ (၂) ရက်နေ့တွင် ရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြသည်။
ရဲတပ်ဖွဲ့ စစ်ဆေးချက်အရ သေဆုံးခဲ့သည့် ထိုင်းအလုပ်သမားသည် ၎င်းတို့ထံမှ ဘတ် ၃၀ ချေးယူခဲ့ပြီး ပြန်မပေးသည့်အတွက် ငွေပြန်တောင်းရန် သွားရောက်ခဲ့ကြောင်း၊ စကားများရန်ဖြစ်ကြကာ ဓားဖြင့်ထိုးချိန် သေဆုံးခဲ့သည့်အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း မြန်မာအလုပ်သမား(၂) ဦးကဝန်ခံခဲ့သည်။

မြန်မာအလုပ်သမား(၂) ဦးသည် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း ၊
၎င်း(၂)ဦးအား အခင်းဖြစ်ပွားရာနေရာ၌ ပြန်လည်သရုပ်ပြစေခဲ့ပြီး သေဆုံးသူ၏ ဆွေမျိုးများက ဝိုင်းဝန်းရိုက်နှက်မည်ကို စိုးရိမ်သောကြောင့် ရဲအရာရှိ ၁၀ ဦးကျော်က လုံခြုံရေးပေးခဲ့ရကြောင်း ထိုင်းသတင်းက ရေးသားသည်။

မြန်မာအလုပ်သမား(၂) ဦးအား လူသေဆုံးစေခြင်း၊ တရားမဝင် ဝင်ရောက်ခြင်းတို့ဖြင့် စွဲချက်တင်ခဲ့ကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမား(၂) ဦး၏ အလုပ်ရှင်ကိုလည်း ဖမ်းဆီးခံရခြင်းမှ ရှောင်ရှားနိုင်ရန် ကူညီခြင်းဖြင့် စွဲချက်တင်ခဲ့ပြီး ၎င်းတို့အား ဥပဒေအရ အရေးယူရန် ရဲအချုပ်အတွင်း ထိန်းသိမ်းထားကြောင်း ဖော်ပြသည်။

Photo – siam news

Exit mobile version