နိုဝင်ဘာ ၃ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ချွန်ဖွန်ခရိုင်၊ မူးအန်မြို့နယ်၊ အာရှလမ်းပေါ်တွင် ကားတစီးအတွင်းမှ မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးအား ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။
၎င်းမြန်မာ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးသည် အောက်တိုဘာလ ၂၆ ရက်နေ့က ရတ္တဖူမ် အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သူများဖြစ်ပြီး အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကန်ချနာဘူရီခရိုင်ရှိ နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သူများဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
၎င်းတို့သည် မြန်မာနိုင်ငံသို့ ပြန်ပို့ပြီး ၃ ရက်မြောက်နေ့တွင် ထိုင်းသို့တရားမဝင် ပြန်ဝင်ရောက်ခဲ့သည့်အတွက် ထပ်မံဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးနှင့်အတူ ပန်းရောင်ကတ် ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသား ယာဉ်မောင်းကိုပါ ဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းကရေးသားသည်။
မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးသည် ကန်ချနာဘူရီခရိုင်၊ ဘုရားသုံးဆူနယ်စပ်မှပြန်ဝင်လာခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသို့ သွားရောက်ရန် မြန်မာနှင့် ထိုင်းရှိ ပွဲစားများကို ငှားရမ်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသား ယာဉ်မောင်းကလည်း မြန်မာပွဲစားတစ်ဦးက ၎င်း၏ ပစ်ကပ်ကားဖြင့် စင်ခွန်းစစ်ဆေးရေးဂိတ်အနီးရှိ တောအုပ်အတွင်းမှ လုပ်သားများကို ခေါ်ဆောင်ကာ စုန်ခလာခရိုင်၊ ရတ္တဖူမ်မြို့နယ်သို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ဖြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့သည်။
၎င်းအား လူတစ်ဦးလျှင် ပို့ဆောင်ခ ဘတ် ၁,၀၀၀ ဖြင့် စုစုပေါင်း ဘတ် ၁၆,၀၀၀ ပေးမည်ဟုလည်းထွက် ဆိုသည်။
မြန်မာရွှေ့ပြောင်းလုပ်သား ၁၆ ဦး ကလည်း ၎င်းတို့သည် မလေးရှားသို့ထိုင်းမှတဆင့်သွားရောက်ရန်
မှောင်ခိုသမားများကို တစ်ဦးလျှင် ဘတ် ၂၀,၀၀၀ ပေး၍ တရားမဝင် ပြန်လည်ဝင်ရောက်ရန် ခဲ့ခြင်းဖြစ်ကြောင်းထွက်ဆိုသည်။
မြန်မာယာဉ်မောင်းအား တရားမဝင်ဝင်ရောက်မှု ကူညီပေးခြင်း၊ မြန်မာရွှေ့ပြောင်းလုပ်သား ၁၆ ဦးအား ထိုင်းအတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းစသည့် ဥပဒေများဖြင့် ရဲတပ်ဖွဲ့က အရေးယူမည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
Photo – Thai News

