Migrant Times Blog သတင်း “ တရက်တာ ရွှေ့ပြောင်းရေးရာသတင်း”
သတင်း အလုပ်သမား သတင်း

“ တရက်တာ ရွှေ့ပြောင်းရေးရာသတင်း”

နိုဝင်ဘာ ၄ ၊ Migrant Times ။

– ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနပူရီခရိုင်၊ ဆန်ခပူရီမြို့နယ်ရှိ ဘန်းတွန်ယမ် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၂၀၁ ဦးသည် ကျန်ထပူရီခရိုင်တွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ထိုင်းအစိုးရ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ယမန်နေ့က ထွက်ခွာသွားကြောင်း ၎င်းစခန်းမှသိရသည်။ ထိုင်းအစိုးရက ဒုက္ခသည်စခန်း (၉) ခုမှ ဒုက္ခသည် ၄၂,၀၀၀ကျော်ကို ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အလုပ်လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။

– ထိုင်းနိုင်ငံ ၊ ကန်ချနပူရီ ၊ဆိုင်ရွတ် ခရိုင်၊ ခေါဝ်ခဲ ဘုန်းကြီးကျောင်းရှေ့ရှိ ဓာတ်ဆီဆိုင်ဟောင်းတွင် ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရာ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား၂၅ ဦး ကို တွေ့ရှိခဲ့သည့်အတွက် နယ်စပ်တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။ ၎င်းတို့သည် နခွန်ပထုန် နှင့် စမွတ်စခွန် ခရိုင်များတွင် အလုပ်လုပ်ရန် နယ်စပ်မှ ဝင်ရောက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၂၅,၀၀၀ ပေးဆောင်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

– ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က ဆိုင်ကယ်ဖြင့်တိုက်ခံပြီး ခြေထောက်အရိုးကျိုးသွားသော မစုမာလှိုင်၏ အမှုကိစ္စအတွက် နစ်နာကြေးရရှိရန် ယနေ့နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ပထုံဌာနီ၊ လန်စစ်မြို့နယ် တရားမျှတရေးရုံး၌ ကာကယံရှင်၏ သက်သေအချက်အလက်များနှင့် ဘဏ်စာရွက်စာတမ်းများကို သွားရောက်တင်ပေးခဲ့ကြောင်း UFF Labor အဖွဲ့ကထုတ်ပြန်သည်။

– ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ စီလချာမြို့ ခဲမှုန့်ရုံတွင် အလုပ်လုပ်နေသော ကိုထွန်းထွန်းလွင်သည် လုပ်ငန်းအတွင်းထိခိုက်မှုကြောင့် လက်ညှိုးအရင်းမှ ပြတ်သွားခဲ့ပြီး နစ်နာကြေး ပြန်လည်ရရှိရန် WAG အဖွဲ့ကကူညီပေးခဲ့သည်။ နယ်မြေခံ ပကန်စခွန်ရုံးသို့ သွားရောက်ခဲ့ရာ အလုပ်သမားနှင့်အလုပ်ရှင် နှစ်ဦးသဘောတူနစ်နာကြေး ဘတ် ၃ဝ,ဝဝဝ ပေးပြီး လက်မှတ်ရေးထိုးထားသောကြောင့် ထိုက်သင့်သည့်နစ်နာကြေး မရဘဲ ဆုံးရှုံးသွားခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။

– ထိုင်းနိုင်ငံတောင်ပိုင်း ၊ ချွန်ဖွန်မှ ကျေးရွာအုပ်ချုပ်ရေးမှူး(ရွာသူကြီး) တစ်ဦးသည် ကထိန်သင်္ကန်းကပ်လှူရန်အတွက် မြန်မာဘက်သို့ ခွင့်ပြုချက်မရှိဘဲ နယ်စပ်ဖြတ်ကျော်သွားရောက်ခဲ့ပြီးအပြန်တွင် မြန်မာအလုပ်သမား ၃၆ ဦးအား တရားမဝင်ခေါ်ဆောင်လာမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၎င်းနှင့်အတွင်းလိုက်ပါလာသည့် စာရွက်စာတမ်းမရှိသော မြန်မာနိုင်ငံသား ၃၆ ဦးအားလည်း ဖမ်းဆီးကာ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းသိရသည်။

Exit mobile version