Migrant Times Blog သတင်း ချင်းမိုင်မှာ မြစ်ရေလျှံ စိုးရိမ်ရေမှတ် မရောက်နိုင်ဘူးလို့ခန့်မှန်း
သတင်း

ချင်းမိုင်မှာ မြစ်ရေလျှံ စိုးရိမ်ရေမှတ် မရောက်နိုင်ဘူးလို့ခန့်မှန်း

စက်တင်ဘာ ၂၆ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့နယ်မှာ မနေ့ည သန်းခေါင်ယံကစပြီး ပင်းမြစ်ရေလျှံကာ ရေတက်နေတယ်လို့ ချင်းမိုင်သတင်းတွေကဖော်ပြပါတယ်။
ချင်းမိုင်အထက် ချင်းဒေါင်းမြို့နယ်မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ရေထုတိုင်းတာရေးစခန်း P20 ‌ကရေတွေဟာ ရေတိုင်းတာရေးစခန်း P1 ကိုစီးဆင်းခဲ့တာလို့ဖော်ပြပါတယ်။ ဒီကနေ့ မနက်အစောပိုင်း ၂ နာရီမှာတော့ ချင်းမိုင်မြို့မြစ်ရေဟာ ၃.၁၈ ရေတိုင်းအမှတ်ကိုရောက်ရှိနေတယ်လို့ သိရပါတယ်။
ချင်းဒေါင်းမြို့နယ်၊ မယ်တန်မြို့နယ်နဲ့ အခြားဒေသတွေက စုပေါင်းစီးဆင်းလာတဲ့ရေတွေဟာ ချင်းမိုင်မြို့မှာ စိုးရိမ်ရေတိုင်းအမှတ် ၃.၇မီတာ ထက် မကျော်လွန်နိုင်ဘူးလို့ ချင်းမိုင်ခရိုင် ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ သက်သာရာရုံးကခန့်မှန်းထားပါတယ်။
ချင်းမိုင်မြို့မှာ မနှစ်ကလည်း စက်တင်ဘာလကုန်နဲ့ အောင်တိုဘာလဆန်းမှာ ပင်းမြစ်ရေလျှံပြီး ရပ်ကွက်အများစုရေနစ်မြုပ်ခဲ့ပါတယ်။ မုတ်သုံလေအားကောင်းနေတာကြောင့် စက်တင်ဘာလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အတွင်း ထိုင်းမြောက်ပိုင်းဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသဌာနကလည်း သတိပေးထားပါတယ်။
ဓာတ်ပုံ – ချင်းမိုင်သတင်း
ပင်းမြစ်ရေ စက်တင်ဘာလ ၂၆ ရက် နံနက် ၂ နာရီ ရေမြှင့်တက်မှုမြင်ကွင်း။
Exit mobile version