Migrant Times Blog သတင်း မဲဆောက်တွင် နယ်စပ်မှ ခိုးဝင်ရောက်သည့် မြန်မာလုပ်သား ၉ဝ နီးပါးဖမ်းဆီးခံရ
သတင်း အလုပ်သမား သတင်း

မဲဆောက်တွင် နယ်စပ်မှ ခိုးဝင်ရောက်သည့် မြန်မာလုပ်သား ၉ဝ နီးပါးဖမ်းဆီးခံရ

🟥အောက်တိုဘာလ ၁၉ ရက်အထိ နယ်စပ်ဒေသတွင် မြန်မာနိုင်ငံသား ၄၁၅ ဦးဖမ်းဆီးခံရ

အောက်တိုဘာ ၂ဝ ၊ Migrant Times ။

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နယ်တွင် တစ်ရက်အတွင်း ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်မှတရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၈၉ ဦးအား နယ်ခြားစောင့်တပ်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ည ၉ နာရီခန့်တွင် မဲဆောက်မြို့နယ်၊ မယ်ပ ကျေးရွာအုပ်စု၊ ဝမ်ကဲဝ်ကျေးရွာ၌ ကင်းလှည့်/စောင့်ကြည့်ရေး အဖွဲ့သည် ကား ၄ စီးကို တွေ့ရှိခဲ့ပြီးစစ်ဆေးခဲ့ရာ ကား ၁ စီးသည်မောင်းပြေးသွားခဲ့ကြောင်း၊ ကျန်ကား ၃ စီးတွင် မြန်မာနိုင်ငံသား ၅၅ ဦး (အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၂၄ ဦး)၊ ခေါ်ဆောင်လာသူ ၂ ဦး ကိုတွေ့ရှိပြီး တာ့ခ်ခရိုင်၊ မဲဆောက်ရဲစခန်းသို့ ပိုဆောင်ခဲ့သည်။

အလားတူ အောက်တိုဘာလ ၁၇ ရက်နေ့တွင် မဲဆောက်မြို့နယ် မယ်ပ ကျေးရွာအုပ်စု၊ ဘန့်ဟာကလော့ – ဘန့်ဝမ်ကော် လမ်းမပေါ်တွင် ကင်းလှည့်/စောင့်ကြည့်ရေး အဖွဲ့က လူအုပ်စုတစ်စုကို လမ်းမပေါ်၌ တွေ့ရှိခဲ့ပြီး စစ်ဆေးရာ မြန်မာနိုင်ငံသား ၃၄ ဦး (အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၈ ဦး)ကိုတွေ့ရှိခဲ့သည်။ ၎င်းတိုးသည် ည်သည့်စာရွက်စာတမ်းမှမရှိပဲ တရားမဝင် ဝင်ရောက်နေထိုင်နေသည့်အတွက် မဲဆောက်ရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။

ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထောင်းဖာဖုမ်မြို့နယ်ရှိတောအုပ်တခုထဲတွင် နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၆၂ ဦးအား နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။

အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ်၊ ဘန်မိုကိုထိုင်း ဒေသတစ်ဝိုက်တွင် နယ်စပ်မှ တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၂၃ ဦးအား ဖမ်းဆီးခဲ့ကြောင်း နာရေဆွမ်တပ်ဖွဲ့ လက်အောက်ခံ ရာ့ချ်မနူအထူးတပ်ဖွဲ့ က ထုတ်ပြန်သည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ၊ ရနောင်းပြည်နယ် ၊ ကရဘူရီးမြို့နယ် ဘန်နိုင်ကရမ်ရွာတွင် ခိုး၀င်လာသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦး ၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံ ၊ ကန်ချနာဘူရီမြို့နယ်တွင် အလုံပိတ်ကားအတွင်း ပြွတ်သိပ်လိုက်ပါလာသည့် မြန်မာလုပ်သား ၁ဝ၈ ဦး၊ အောက်တိုဘာလ ၄ ရက်နေ့ ညတွင် ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်၊ စံခလဘူရီမြို့နယ်တွင် ကားတစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၀ ဦး ၊အောက်တိုဘာလ ၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ၊ စံခလဘူရီမြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၉ ဦး တို့အားရဲတပ်ဖွဲ့၊နယ်စပ်တပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများနှင့် Migrant Times ၏သတင်းမှတ်တမ်းများအရ သိရသည်။

ထိုင်းသတင်းများ ဖော်ပြချက်အရ အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၉ ရက်အထိနယ်စပ်မှ ခိုးဝင်ရောက်သည့် မြန်မာနိုင်ငံသား ၄၁၅ ဦး ဖမ်းဆီးခံခဲ့ရသည်။
ထိုင်းနိုင်ငံတွင် အောက်တိုဘာလ ၁၅ ရက်နေ့က စတင်လိုက်သည့် တရားမဝင်သည့် ရွှေ့ပြောင်းအလုပ်သမားများအား ဘတ်(ခေါ်)ပန်းရောက်ကတ် နေထိုင်လုပ်ကိုင်ခွင့် (Work Permit) အသစ် ပြုလုပ်ပေးခြင်းလုပ်ငန်းစဉ်ကို ယာယီရွှေ့ဆိုင်းထားသည်။

ဘတ်ယာယီပိတ်ထားချိန်တွင် ထိုင်းနိုင်ငံအတွင်း အထောက်အထားမရှိသူများအား ရှာဖွေဖမ်းဆီးခြင်းများပြုလုပ်နေသည့်အတွက် ထိုင်းသို့လာရောက်မည့် မြန်မာလူငယ်များအနေဖြင့် သတင်းအချက်အလက်များကို သေချာစုံစမ်းပြီးမှ လာရောက်ကြရန်လိုကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးလုပ်ဆောင်သူအချို့က Migrant Times ကိုသတိပေးပြောကြားထားသည်။

Photo – AEC News

Exit mobile version