Migrant Times Blog သတင်း ကန်ချနဘူရီ တောအုပ်တွင် တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၆၂ ဦးဖမ်းဆီးခံရ
သတင်း အလုပ်သမား သတင်း

ကန်ချနဘူရီ တောအုပ်တွင် တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၆၂ ဦးဖမ်းဆီးခံရ

အောက်တိုဘာ ၁၉ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထောင်းဖာဖုမ်မြို့နယ်၊ ထားခနွန်းတိုက်နယ်၊ ဘားဟင်န်လမ်ရွာ တောအုပ်ထဲတွင်ယနေ့ နံနက် ၉ နာရီခွဲခန့်၌ နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၆၂ ဦးအား နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသား ၁၆၂ ဦးတွင် အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၅၇ ဦးပါဝင်သည်။ ၎င်းတို့သည် ထိုင်းနိုင်ငံတွင်းရှိ အလုပ်နေရာများသို့ရောက်ပါက ပွဲစားအား တစ်ဦးလျှင် ဘတ် ၂၀,၀၀၀ မှ ၂၄,၀၀၀ ကြား ခရီးစရိတ် ပေးချေရမည်ဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်ဟု ထောင်းဖာဖုမ်မြို့နယ် နယ်မြေလုံခြုံရေးတပ်ဖွဲ့ကပြောသည်။

၎င်းတို့သည် အလုပ်ရှာရန်အတွက် ဆမွတ်ဆခွန်၊ ဘန်ကောက်၊ ချွန်ဘူရီ နှင့် မလေးရှားနိုင်ငံသို့ဆက်သွားရန် လာရောက်ကြကြောင်းသိရသည်။

နယ်မြေလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိသူများအားလုံးနှင့် သက်သေခံပစ္စည်းများအား ဥပဒေအရ ဆောင်ရွက်နိုင်ရန် ထောင်းဖာဖုမ်မြို့နယ် ရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ်၊ ဘန်မိုကိုထိုင်း ဒေသတစ်ဝိုက်တွင် နယ်စပ်မှ တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၂၃ ဦးအား ဖမ်းဆီးခဲ့ကြောင်း နာရေဆွမ်တပ်ဖွဲ့ လက်အောက်ခံ ရာ့ချ်မနူအထူးတပ်ဖွဲ့ (Naresuan Force’s Rajmanoo Task Force)က ထုတ်ပြန်သည်။

ထိုင်းနိုင်ငံတွင် အောက်တိုဘာလ ၁၅ ရက်နေ့က စတင်လိုက်သည့် တရားမဝင်သည့် ရွှေ့ပြောင်းအလုပ်သမားများအား ဘတ်(ခေါ်)ပန်းရောက်ကတ် နေထိုင်လုပ်ကိုင်ခွင့် (Work Permit) အသစ် ပြုလုပ်ပေးခြင်းလုပ်ငန်းစဉ်ကို ယာယီရွှေ့ဆိုင်းထားပြီး အထောက်အထားမရှိသူများအားရှာဖွေဖမ်းဆီးခြင်းများပြုလုပ်နေကြောင်း၊ ထိုင်းသို့လာရောက်မည့် မြန်မာလူငယ်များအနေဖြင့် သတင်းအချက်အလက်များကို သေချာစုံစမ်းပြီးမှ လာရောက်ကြရန်လိုကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးလုပ်ဆောင်သူအချို့က Migrant Times ကိုသတိပေးပြောကြားထားသည်။

ဓာတ်ပုံ- ထောင်းဖာဖုမ်မြို့နယ်ရုံး

Exit mobile version