အောက်တိုဘာ ၂၁ ၊ Migrant Times ။
ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖူးခက်ကမ်းလွန် Koh Racha Yai အနီးရှိ ငါးဖမ်းလှေပေါ်တွင် အသက် ၃၆ နှစ်အရွယ် မြန်မာအလုပ်သမား ၁ ဦးသည် အလုပ်လုပ်ကိုင်နေစဉ် မတော်တဆဖြစ်ပြီး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တင်မောင်ထွေးဟုအမည်ရသည့် မြန်မာအလုပ်သမားသည် Kiang Chai 3 ငါးဖမ်းလှေပေါ်တွင် စက်ပြင်နေစဉ် လှိုင်းထန်မှုကြောင့် ချော်လဲကာ သင်္ဘောကျောက်ဆူးရစ်သည့် စက်နှင့် ဦးခေါင်းကို ရိုက်မိခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဖူးခက် ဆိပ်ကမ်းမှ ကယ်ဆယ်ရေးလှေသည် Kiang Chai 3 လှေသို့ ရောက်ရှိခဲ့သော်လည်း ကိုတင်မောင်ထွေးသည် ဒဏ်ရာများဖြင့် သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။ ၎င်း၏ ရုပ်အလောင်းကို ဖူးခက် ရေနက်ဆိပ်ကမ်းသို့ ပြန်လည်သယ်ဆောင်လာခဲ့ပြီး စစ်ဆေးမှုနှင့် တရားဝင် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ရန် ဗာချီရာဖူးခက်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ကိုတင်မောင်ထွေးသေဆုံးမှုနှင့်ပတ်သက်ပြီး ၎င်း၏ မိသားစုနှင့် သက်ဆိုင်ရာ အလုပ်အကိုင်အေဂျင်စီအား အကြောင်းကြားထားကြောင်း ဖော်ပြထားသည်။
Photo – Thaiger

