Migrant Times Blog သတင်း အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးကို တရားရုံးပြန်လည်ဆင့်ခေါ်
သတင်း အလုပ်သမား သတင်း

အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးကို တရားရုံးပြန်လည်ဆင့်ခေါ်

အောက်တိုဘာ ၂၁ ၊ Migrant Times ။

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးအား ယမန်နေ့အောက်တိုဘာလ ၂ဝ ရက်နေ့ညနေတွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်ပေးပြီးနောက် ယနေ့တွင်ရွှေပြည်သာမြို့နယ် တရားသူကြီးက မြို့နယ်စခန်းမှူးမှတဆင့် ပြန်လည်ဆင့်ခေါ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူတစ်ဦးက Migrant Times ကိုပြောကြားသည်။

ဒေါ်မျိုးမျိုးအေးအား ယနေ့ ညနေ ၃ နာရီတွင် တရားရုံသို့ချိန်းဆိုခဲ့ပြီး အမိန့်ချမှတ်ခြင်းမရှိခဲ့ကြောင်းသိရသည်။
“ ညနေ ၅ လောက် မှာ ဒီနေ့ အမိန့်မချဖြစ်တော့ဘူး။ ဒေါ်မျိုးမျိုးအေးကို ဆွဲဆိုထားတဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီး ၂၃ ရက်နေ့ အမိန့်ချမှတ်မယ်ဆိုပြီး ရုံးချိန်း ချိန်းဆိုလိုက်တယ်” ဟု၎င်းကပြောသည်။

ဒေါ်မျိုးမျိုးအေး နှင့်အတူ အခြား အလုပ်သမားအရေးလှုပ်ရှားသူများဖြစ်သည့် ကိုသက်နှင်းအောင် နှင့် မသက်ထားဆွေတို့အား အင်းစိန်အကျဉ်းထောင်ထဲ၌ စစ်ကောင်စီ ဒုသမ္မတ အမိန့်ဖြင့် စွဲဆိုထားသော အမှုများအားလုံးကို ရုတ်သိမ်းကြောင်း ဖတ်ပြကြေငြာပြီးနောက် ပြန်လွတ်ပေးခဲ့ခြင်းဖြစ်ကြောင်း STUM က ယမန်နေ့တွင်ထုတ်ပြန်သည်။

“ အမှုရုပ်သိမ်းပြီး ပြန်လွတ်လိုက်တာတောင် ဘာလို့ မြို့နယ်တရားသူကြီးက အမိန့်ချမယ်ဆိုပြီး ရုံးချိန်း ချိန်းတယ်ဆိုတာ နားမလည်နိုင်ဘူး” ဟု အလုပ်သမား ရေးလှုပ်ရှား သူတစ်ဦးကပြောသည်။

စစ်ကောင်စီက STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ၎င်း၏နေအိမ်၌ ပြီးခဲ့သည့် ဇူလိူင်လ ၂၅ ရက်နေ့ညတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

၎င်းနောက် STUM ဝန်ထမ်း ၁ဝ ဦးကို ဇူလိူင်လ ၂၆ ရက်မှ ၂၈ ရက်အတွင်း ထပ်မံဖမ်းဆီးခဲ့သည်။ STUM ဝန်ထမ်း ၁ ဦးအားစစ်မှုထမ်းခေါ်ဆောင်သွားပြီး အောက်တိုဘာ (၃) ရက်နေ့တွင် ဝန်ထမ်း (၁) ဦး အမိန့်ချခံရကာ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း STUM ကထုတ်ပြန်သည်။

ကျန်ရှိသည့် STUM ဝန်ထမ်း ၉ ဦးသည် အကျဉ်းထောင်းထဲတွင် အသီးသီးထိန်းသိမ်း ချုပ်နှောင်ခံနေရဆဲဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး (ပုံဟောင်း)
Photo – Migrant Times

Exit mobile version