Migrant Times Blog သတင်း ဓာတ်တိုင် ဝင်တိုက်သည့်ကားအတွင်းက မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ဦးဖမ်းဆီးခံရ
သတင်း အလုပ်သမား သတင်း

ဓာတ်တိုင် ဝင်တိုက်သည့်ကားအတွင်းက မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ဦးဖမ်းဆီးခံရ

အောက်တိုဘာ ၂၂ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင် ၊ ထောင်းဖာဖုမ်မြို့နယ် ၊ ဘန့်ဖူးပရာဒူကျေးရွာအုပ်စုအတွင်းတွင် ယမန်နေ့အောက်တိုဘာလ ၂၁ ရက် ညနေပိုင်း၌ ကားတစီးသည် အရှိန်လွန်ရာမှ ဓာတ်တိုင်ကို ဝင်တိုက်တိမ်းမှောက်ခဲ့ပြီး ကားအတွင်းတွင် နယ်စပ်မှ တရားမဝင်လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ဦးဖမ်းဆီးခံခဲ့ရသည်။

၎င်းကားသည် မြန်မာရွှေ့ပြောင်းလုပ်သားများကို ဝှက်၍ တင်ဆောင်လာသော အနက်ရောင် ဖော်ကျူနာ (Fortuner) ကားဖြစ်ပြီး အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာမှ လမ်းကွေ့၌ ချော်ထွက်ကာ ဓာတ်တိုင်ကို ဝင်တိုက်မိခြင်းဖြစ်ကာ ယာဉ်မောင်းမှာ တောထဲသို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း ထိုင်းသတင်းကဖော်ပြသည်။

ကားတိုက်မှုကြေင့် ဓာတ်တိုင်ကျိုးသွားသော်လည်း ဓာတ်ကြိုးများဖြင့် ဆိုင်းထားသောကြောင့် လမ်းပေါ်သို့ ပြုတ်ကျခြင်းမရှိခဲ့ဘဲ မည်သူမျှ မထိခိုက်ခဲ့ကြောင်း သိရသည်။

ကားပေါ် တွင် မြန်မာအမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လာအို အမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ အလုပ်သမားအားလုံးကို ကန်ချနာဘူရီ ရဲစခန်းတွင် စကားပြန်မှတစ်ဆင့်မေးမြန်းရာ ၎င်းတို့အားလုံးသည် ရန်ကုန်နှင့် မန္တလေးမှလာရောက်ကြပြီး ဘူရားသုံးဆူမှတဆင့် စံခလဘူရီသို့ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းမှ လာရောက်ကြကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံတွင်းရှိ ခရိုင်များတွင် အလုပ်လုပ်ရန် သယ်ယူပို့ဆောင်ပေးခအဖြစ် တစ်ဦးလျှင် ဘတ်ငွေ ၁၅,၀၀၀ မှ ၂၅,၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း သိရသည်။ဖမ်းဆီးရမိသည့် အလုပ်သမား ၁၅ ဦးကို ဥပဒေအရ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းထိုင်းသတင်းကဖော်ပြသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထောင်းဖာဖုမ်မြို့နယ်ရှိတောအုပ်တခုထဲတွင် နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၆၂ ဦးအား နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။

ထိုင်းသတင်းများ ဖော်ပြချက်အရ အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၂၁ ရက်အထိနယ်စပ်မှ ခိုးဝင်ရောက်သည့် မြန်မာနိုင်ငံသား ၄၃ဝ ဦးထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။

Photo – MGR

Exit mobile version