Migrant Times Blog သတင်း ကနေဒါနှင့် သြစတြေးလျတွင် လုပ်ကိုင်ရမည်ဆိုကာ ထိုင်းတွင် လူ၁၇ဝ နီးပါး ဘတ် ၁၂ သန်းကျော် လိမ်လည်ခံရ
သတင်း အလုပ်သမား သတင်း

ကနေဒါနှင့် သြစတြေးလျတွင် လုပ်ကိုင်ရမည်ဆိုကာ ထိုင်းတွင် လူ၁၇ဝ နီးပါး ဘတ် ၁၂ သန်းကျော် လိမ်လည်ခံရ

အောက်တိုဘာ ၂၂ ၊ Migrant Times ။

ထိုင်းနိုင်ငံတွင် ကနေဒါနှင့် သြစတြေးလျနိုင်ငံများရှိ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရမည်ဟုဆိုသည့် ကုမ္ပဏီနှင့်ကိုယ်စားလှယ်များကို ဘတ် ၁၂ သန်းကျော်ခန့်ငွေးပေးချေခဲ့ပြီး လိမ်လည်ခံခဲ့ရကြောင်း အလုပ်ရှာဖွေခဲ့သူ ၁၆၉ ဦးကပြောကြားသည်။

၎င်းတို့သည် လိမ်လည်ခံခဲ့ရသည့်အတွက် အလုပ်အကိုင်ရှာဖွေရေးဌာန (DOE)ကိုတိုင်ကြားခဲ့ပြီး DOE ညွှန်ကြားရေးမှူးချုပ် ဖီချက်ထောင်ဖန်ဒ်က အောက်တိုဘာလ ၂၁ ရက်နေ့တွင် တိုင်ကြားမှုများ လက်ခံရန် ပူးပေါင်းဆောင်ရွက်ညှိနှိုင်းခဲ့ကြောင်း DOE ကယနေ့ထုတ်ပြန်သည်။

အလုပ်ရှာဖွေခဲ့သူ စုစုပေါင်း ၁၆၉ ဦးသည် ဗီဇာလျှောက်ထားသည့် ကုမ္ပဏီတစ်ခု၏ ကိုယ်စားလှယ်များဟု အယောင်ဆောင်သူများက ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကနေဒါနှင့် သြစတြေးလျတွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် စေလွှတ်ပေးနိုင်ကြောင်း ကြော်ငြာကာ လိမ်လည်လှည့်ဖြားခဲ့ခြင်းကို ခံခဲ့ရကြောင်း DOE ကထုတ်ပြန်သည်။

၎င်းတို့က စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်လလျှင် ကနေဒါဒေါ်လာ ၄,၈၀၀ (ဘတ် ၁၁၁,၉၀၀ ခန့်) ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အလုပ်ရှာဖွေခဲ့သူများက ဝန်ဆောင်ခနှင့် အခြားကုန်ကျစရိတ်များအတွက် တစ်ဦးလျှင် ဘတ် ၆၀,၀၀၀ မှ ၁၂၀,၀၀၀ ခန့် ပေးဆောင်ခဲ့ရပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ ဘတ် ၁၂ သန်းကျော်ခန့် ရှိကြောင်း DOE က ခန့်မှန်းထားသည်။

သို့သော်လည်း ငွေပေးချေပြီးနောက် အလုပ်ရှာဖွေသူများသည် အလုပ်သွားလုပ်ရန် စေလွှတ်ခြင်း မခံခဲ့ရပဲ ထိုကုမ္ပဏီကိုယ်စားလှယ်များနှင့်လည်း အဆက်အသွယ် ဖြတ်တောင်သွားကြောင်းသိရသည်။

ထို့ပြင် ကုမ္ပဏီရုံးခန်းများလည်း ပိတ်သွားပြီး ပိုင်ဆိုင်မှုများအားလုံးကို သယ်ထုတ်သွားပြီဖြစ်ကြောင်း တွေ့ရှိရသည်ဟု အလုပ်ရှာဖွေသူများကပြောသည်။

DOE ညွှန်ကြားရေးမှူးချုပ် ဖီချက် က အလုပ်အကိုင်ရှာဖွေရေးဌာနသည် အချက်အလက်များ အမြန်ဆုံး စစ်ဆေးဆောင်ရွက်နိုင်ရန် လူကုန်ကူးမှုနှိမ်နင်းရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လိမ်လည်လှည့်ဖြားသည့် အေးဂျင့်များ နှင့် ပွဲစားအဖွဲ့များကို တရားဥပဒေအရ အရေးယူနိုင်ရန်အတွက် တာဝန်ရှိသူများကို တိုင်ကြားချက်များ ပြုလုပ်စေခဲ့ကြောင်း ပြောကြားသည်။

ထို့ပြင် အလုပ်အကိုင်ရှာဖွေသူများသည် အေးဂျင့်နှင့်ကုမ္ပဏီကိုယ်စားလှယ်ကို ငွေမလွှဲပြောင်းမီ နိုင်ငံခြားသို့ အလုပ်သမားစေလွှတ်ခွင့်ပြုထားသည့် ကုမ္ပဏီအမည်စာရင်းကို ဗဟိုအလုပ်အကိုင်ရှာဖွေရေး မှတ်ပုံတင်နှင့် အလုပ်ရှာဖွေသူများ ကာကွယ်ရေးဌာနခွဲ၏ ဝက်ဘ်ဆိုက်ဖြစ်သည့် doe.go.th/ipd တွင် ဦးစွာစစ်ဆေးရန် DOE ကသတိပေးထားသည်။

အေးဂျင့်များနှင့် ပွဲစားများ၏ လှည့်ဖြားမှုကြောင့် နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်ရန်အတွက် အခက်အခဲများ ကြုံတွေ့ရပါက ဗဟိုအလုပ်အကိုင်ရှာဖွေရေး မှတ်ပုံတင်နှင့် အလုပ်ရှာဖွေသူများ ကာကွယ်ရေးဌာနခွဲ၊ ဖုန်းနံပါတ် ၀၂၂၄၈ ၄၇၉၂ နှင့် ၀၂၂၄၅ ၆၇၆၃ သို့ဆက်သွယ်နိုင်ကြောင်းထုတ်ပြန်သည်။

ထို့ပြင် မြို့နယ်အလုပ်အကိုင်ရှာဖွေရေးရုံးများ၊ ဘန်ကောက်မြို့ အလုပ်အကိုင်ရှာဖွေရေးရုံး နယ်မြေ ၁ မှ ၁ဝ သို့ ဆက်သွယ်၍ အကြံဉာဏ်နှင့် အကူအညီများ တောင်းခံနိုင်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက အလုပ်သမားဝန်ကြီးဌာန၏ အရေးပေါ်ဖုန်းနံပါတ် ၁၅၀၆ ၊ ခလုတ် ၂ (အလုပ်အကိုင်ရှာဖွေရေးဌာန) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။

Photo – กรมการจัดหางาน

Exit mobile version