အောက်တိုဘာ ၂၉ ၊ Migrant Times ။
– ကရင်ပြည်နယ်၊ မြဝတီမြို-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၂၆ ဦးအား ယနေ့တွင် မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
– ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီမြို့၊ ထားမခမ်းရပ်ကွက် မီးရထားလမ်းဆုံတွင် ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်၌ ရဲတပ်ဖွဲ့က Honda Jazz ကားတစ်စီးအား စစ်ဆေးရာ ကားအတွင်း၌ ပြည့်ကျပ်စွာလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦးကိုတွေ့ရှိပြီး မည်သည့်စာရွက်စာတမ်းမှ မပြနိုင်သည့်အတွက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
– ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ် ၊ မဟာချိုင်မြို့နယ် ဘန်ဘော်(၃)ရပ်ကွက်ရှိ ဆောက်လုပ်ရေး အချောထည်ထုတ်သည့် ကုမ္ပဏီတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၂ဝ ဦး၏ လုပ်အားခနှင့်နစ်နာကြေး ဘတ်ငွေ ၅ သိန်းခန့် ပြန်လည်ရရှိခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့ဝင်ကပြောသည်။
– ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ဖတ်ထနာကန် ၃၂ အတွင်းရှိ ကြွေပြား တပ်ဆင်သည့်လုပ်ငန်းတွင်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ကိုဝေဖြိုးနိုင်သည် ပြီးခဲ့သောနှစ် ဇူလိုင် ၁၈ရက်နေ့တွင် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် လက်အဆစ်များထိခိုက်ခဲ့ပြီး အောက်တိုဘာ ၂၇ရက်နေ့တွင် နစ်နာကြေး ဘတ် ၃၁၁,၀၀၀ ရရှိခဲ့ကြောင်း WAG အဖွဲ့က ထုတ်ပြန်သည်။
– ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ် ၊ မဟာချိုင်မြို့နယ် ၊ တာ့ဆိုင်းရပ်ကွက်တွင် ဝက်သားတုတ်ထိုး ရောင်းသည့် မြန်မာနိုင်ငံသား ၂ ဦးကို အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ ရောင်းချသည့်အတွက် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။
– ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်အရေးအခင်းများဖြစ်ပွားပြီးနောက်ပိုင်း ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားဦးရေ ၇ သောင်းခန့် တိုးလာကြောင်း ထိုင်းကုန်သွယ်မှုနှင့်စက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (Econ Thai)ကထုတ်ပြန်သည်။
– ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်များကို လုပ်ကိုင်နေသည့် နိုင်ငံခြားသားလုပ်သားများနှင့် နိုမီနီ (Nominee) အမည်ခံအေးဂျင့် ပုံစံဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများကို စစ်ဆေး အရေးယူမည်ဖြစ်ကြောင်း အလုပ်အကိုင်ရှာဖွေရေးဌာန(DOE)ကထုတ်ပြန်သည်။

