နိုဝင်ဘာ ၇ ၊ Migrant Times ။
– ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် အထောက်အထားရှိသော်လည်း သက်တမ်းကုန်ဆုံးသွားသော မြန်မာ၊ လာအို၊ ၊ ဗီယက်နမ် နိုင်ငံသား အလုပ်သမား များအား အလုပ်လုပ်ရန်အတွက် ၁ နှစ်တာကာလ ယာယီနေထိုင်ခွင့်ပြုရန် ယနေ့နံနက်၌ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည်။
– ထိုင်းနိုင်ငံ၊ဆာလာဘူလီခရိုင်၊နောင်ခဲမြို့ရှိ ကြွေထည်စက်ရုံတွင် အလုပ်အလုပ်နေသည့် မြန်မာ အလုပ်သမား ၁၁ ဦး၏ လုပ်ခလစာ ဘတ် ၂၅၃,၀၀၀ မရရှိသည့်အတွက် ကူညီမှုပေးနေကြောင်း WAG အဖွဲ့က ထုတ်ပြန်သည်။
– ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ ၊ မယ့်ရင်မြို့နယ်ရှိ ဟိုတယ်တခုတွင် အခန်းသန့်ရှင်းရေးလုပ်နေသည့် မြန်မာအလုပ်သမား ၂ ဦးကို အလုပ်ရှင်နှင့် အလုပ်နေရာသစ် ပြောင်းလဲခြင်းအား (၁၅) ရက်အတွင်း အကြောင်းမကြားသည့်အတွက် နိုဝင်ဘာလ ၅ ရက်က ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝန်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။
– ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည် စခန်းများမှ မြန်မာအလုပ်သမား ၂ဝ၁ ဦးသည် ထိုင်းနိုင်ငံ ကျန်ထပူရီခရိုင်ရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် ပထမဆုံးအသုတ်အဖြစ် ရောက်ရှိနေပြီ ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှ အလုပ်သမားများသည် ထိုင်းနိုင်ငံ ဆီဆကက်၊ ဆာကဲ၊ ကျန်ထပူရီ ခရိုင်များရှိ ကြက်မောက်၊ နံနတ်၊ ပီလောပီနံ၊ လိမ္မော် စသည့် ရာသီပေါ်ဥယျာဉ်ခြံလုပ်ငန်းများတွင် အဓိက သွားရောက်အလုပ်လုပ်ကိုင် ကြမည်ဖြစ်သည်။
– ကယ်လ်မာဂီ မုန်တိုင်းက ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် နိုဝင်ဘာလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ထိုင်းနိုင်ငံ ဥဘွန်ရက်ချ်ထာနီ၊ ယာဆိုထွန်၊ အမ်နတ်ချာရိုအန်၊ စရီစကက်၊ စူရင်း၊ဘူရီရမ်ဒေသများနှင့် မြန်မာနိုင်ငံ နေပြည်တော်၊ ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း နှစ်နိုင်ငံ မိုး၊ဇလဌာနများက သတိပေးထားသည်။

