နိုဝင်ဘာ ၁၉ ၊ Migrant Times။
ထိုင်းနိုင်ငံ ၊ လယောင်မြို့ရှိ ကားအပိုပစ္စည်းစက်ရုံတစ်ခုမှ မြန်မာအလုပ်သမား ၂၇ ဦးသည် လုပ်ခများ မရသည့်အပြင် အလုပ်ထုတ်ခံခဲ့ရသည့်အတွက် ကူညီပေးနေကြောင်း MHAC မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။
မြန်မာအလုပ်သမားများက အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရသည့်ကို မကြေနပ်၍ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အကူအညီတောင်းခံခဲ့ကြောင်း MHAC အဖွဲ့ အမှုနှင့် ပြန်ကြားရေးတာဝန်ခံ ဇင် က Migrant Times ကိုပြောသည်။
“လောလောဆယ်အခြေအနေက သူဌေးကို အမှုဖွင့်ခဲ့တယ်၊ ဖြစ်တဲ့ပုံစံကလဲ လစာမရတာဆိုတော့ သူဌေးနဲ့ ၀န(အလုပ်သမားခေါင်းဆောင်) ကြားမှာဖြစ်နေတာဆိုတော့ သူတို့ ဒီရက်ထဲမှာခေါ် ပြီး ရှင်းမယ်ပေါ့နော် ၊ အစိုးရ ရုံးဘက်ကလဲ အမှုကိုလက်ခံထားတယ်” ဟု၎င်းကပြောသည်။
ယမန်နေ့(နိုဝင်ဘာလ ၁၈ ရက်)တွင် နေ့လယ်မှစပြီး ည ၇ နာရီခွဲခန့်အထိ မြန်မာလုပ်သားများနှင့်အတူ နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၌ ချိုးဖောက်ခံရသည့် အခွင့်အရေးများ ပြန်လည်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း MHAC အဖွဲ့ အမှုနှင့် ပြန်ကြားရေးတာဝန်ခံ ဇင် က Migrant Times ကိုပြောသည်။
