နိုဝင်ဘာ ၁၉ ၊ Migrant Times ။
ထိုင်းနိုင်ငံတွင် အမျိုးသမီးအလုပ်သမားများကို ကလေးမီးဖွားခွင့်အတွက် ခွင့်ရက်၁၂၀ အထိ ခံစားခွင့်ပေးမည့် ဥပဒေကို နိုဝင်ဘာလ ၇ ရက်နေ့၌ ထိုင်းတော်ဝင်ပြန်တမ်းက ထုတ်ပြန်ကြေညာခဲ့ကြောင်း ထိုင်းသတင်းများကဖော်ပြခဲ့သည်။
ကလေးမီးဖွားခွင့်အတွက် ယခင်က ခွင့်ရက် ၉၈ ရက်ခံစားခွင့်ရှိရာမှ ယခုထုတ်ပြန်သည့် ဥပဒေအသစ်အရ ခွင့်ရက်ကို ၁၂၀ ရက်အထိ ခံစားခွင့် ရရှိလာမည်ဖြစ်သည်။
ထိုင်းအစိုးရကထုတ်ပြန်ထားသည့် ကလေးမီးဖွားခွင့် ဥပဒေကို မြန်မာအမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများ သိရှိရန် လိုအပ်နေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီသူများကပြောသည်။
“ဉပဒေကအတည်ပြုထားတာ သိပ်မကြာသေးဘူးဆိုတော့ သိပ်မတွေ့ ရသေးဘူး။အလုပ်ရှင်အလုပ်သမား မတူတဲ့အခက်အခဲရှိသလို ရွှေ့ပြောင်းအလုပ်သမားတွေသိအောင် ပညာပေးလုပ်ငန်းတွေ ပိုပြီးလုပ်ဖို့လိုမယ်လို့ထင်ပါတယ်” ဟု ပညာရေးနှင့်ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း – FED ကျန်းမာရေးဌာနမှ မနီနီဝင်း က Migrant Times ကိုပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတစ်ဦးကလည်း
“ဒီဥပဒေရှိမှန်းမသိခဲ့ဘူး။ အရင်က ကိုယ်ဝန်ဆောင်တုန်းကလဲ မရခဲ့ဘူး။ အဲ့ဒါကြောင့်မို့လို့ ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ အလုပ်ကို ၁ နှစ်ကျော်နားခဲ့ရတယ်။ တကယ်လို့ ဒီလိုမျိုးဥပဒေ သာရှိနေမယ်ဆိုရင် အမျိုးသမီးတွေအတွက်လဲကောင်းတယ်ပေါ့နော်၊ မီးဖွားနေတဲ့ အချိန်မှာလဲ အလုပ်ကြောင့် နောက်ဆံ တင်းစရာမလိုတော့ဘူးပေါ့ ၊ အမျိုးသားကလဲ ကိုယ့်အတွက် ကူညီပေးလို့ရတာပေါ့” ဟု ၎င်းက Migrant Times ကိုပြောသည်။
ကလေးမီးဖွားခွင့် ဥပဒေအရ ကလေးပြုစုစောင့်ရှောက်ရန်အတွက် ဖခင်ဖြစ်သူ သို့မဟုတ်အိမ် ထောင်ဖက် အမျိုးသားကိုလည်း ခွင့်ရက် ၁၅ ရက် ခံစားခွင့်ပြုရန် အတည်ပြုထားသည်။ ကလေးမီးဖွားခွင့် ဥပဒေသည် ထုတ်ပြန်ကြေညာပြီးနောက် ၃၀ ရက်အကြာတွင် ဥပဒေအသစ်က အသက်ဝင်လာမည် ဖြစ်ကြောင်းသိရသည်။
Photo – AI Generate

