ဇူလိူင် ၂၉ ၊ Migrant Times
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်အတွင်းရှိ အာရှအဝေးပြေးလမ်းမကြီးပေါ်တွင် ကုန်တင်ကားပေါ်၌ ကြပ်ညပ်စွာလိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃ဝ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းများတွင်ဖော်ပြသည်။
ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် အယုဒ္ဓယရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အယုဒ္ဓယရဲတပ်ဖွဲ့အဆိုအရ အဝေးပြေးလမ်းတွင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အများဆုံးအသုံးပြုသော အဖြူရောင်ပစ်ကပ်ကားတစ်စီးအား မသင်္ကာဖွယ် တွေ့ရှိပြီးစစ်ဆေးခဲ့သည်။
အဆိုပါပစ်ကပ်ကားသည် အန္တရာယ်ဖြစ်စေနိုင်လောက်အောင် ကွေ့ဝိုက်မောင်းနှင်နေပြီး အရာရှိများက လိုက်လံဖမ်းဆီးခဲ့ရာ ရဲကားတစ်စီးနှင့် တိုက်မိပြီး ရပ်တန့်သွားခဲ့ကြောင်း သတင်းကဖော်ပြသည်။
ရဲတပ်ဖွဲ့က စစ်ဆေးရာတွင် ကုန်တင်ကား၏နောက်ဖက်တွင် မိုးကာများနှင့် ကာရံထားသော လျှို့ဝှက်နှစ်ထပ်အခန်းကို တွေ့ရှိခဲ့သည်။
ကားနောက်အတွင်း၌ မြန်မာနိုင်ငံသား အမျိုးသား ၂ဝ ဦးနှင့် အမျိုးသမီး ၁ဝဦး ကို ကြပ်ညပ်စွာ ထည့်သွင်းထားသည်ကို တွေ့ရပြီး ၎င်းတို့သည် နိုင်ငံကူးလက်မှတ်နှင့်တရားဝင် စာရွက်စာတမ်းများ မပြနိုင်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။
အသက်၄၅ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူ နှင့် သူ၏ခရီးသည် တစ်ဦးကိုပါ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
ယာဉ်မောင်းသည် ယခင်ကလည်း တရားမဝင်ရွှေ့ပြောင်းလုပ်သားများအား မှောင်ခိုကူးမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားများကို အယုဒ္ဓယသို့ သယ်ယူပို့ဆောင်ပေးရန် အတွက်နယ်စပ်မှခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံထွက်ဆိုခဲ့သည်။
KhaoSod သတင်းဌာန၏ ဖော်ပြချက်အရ မြန်မာရွှေ့ပြောင်းလုပ်သားများက ၎င်းတို့သည် တာ့ခ်ခရိုင်၊ မဲဆောက်မြို့သို့ နယ်စပ်မှတစ်ဆင့်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံတွင် အလုပ်ရှာရန် အတွက် တစ်ဦးလျှင် ဘတ် ၁၂,ဝဝဝ မှ ၁၈,ဝဝဝ ကြား ပေးချေခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းနှင့် ခရီးသည် တစ်ဦးအပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၃ဝ ဦးကို ဥပဒေအရအရေးယူရန်အတွက် မဟာရတ်ရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း ထိုင်းသတင်းအရသိရသည်။
Migrant Times ၏သတင်းစုစည်းမှုအရ ပြီးခဲ့သည့် ဇူလိူင် ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖော့ဖရာတွင် မြန်မာနိုင်ငံသား ၁၆ ဦး အား တရားမဝင်ဝင်ရောက်မှုဖြင့် ရာဇမနူအထူးတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။
ထို့ပြင် ဇူလိုင်လ ၂၀ ရက်နေ့တွင်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာပြည်နယ်၊ အဝေးပြေးလမ်းပေါ်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၂ ဦးကိုဖမ်းဆီးခဲ့ကြောင်း ထိုင်းရတ်သတင်းတစ်ပုဒ်တွင်ဖော်ပြသည်။
အလားတူ ဇူလိုင် ၁၇ ရက်ညတွင်လည်း ကန်ချနဘူရီခရိုင် ၊ ထောင်းဖာဖုမ်ဒေသရှိ ရာဘာတောအတွင်း ကားပေါ်တွင် ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသား ၄၈ ဦးကို တရားမဝင်ဝင်ရောက်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။
ဇူလိုင်လ ၁၃ ရက်နေ့ ကလည်း အယုဒ္ဓယမြို့နယ်ရှိ အဝေးပြေးလမ်းမတစ်နေရာတွင် ကားတစ်စီးပေါ်၌ ပြွတ်သိပ်ကာ လိုက်ပါလာသော တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၁ ဦးအား အဝေးပြေးရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။
ထိုင်းနိုင်ငံတွင် ဇွန်လအတွင်း၌ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၃၇ဝ ဦးထက် မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။
Photo – Khaosod