ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် ခရိုင်ရုံးခန်းမဘေးရှိ အိမ်သာအဟောင်းတစ်ခုတွင် ယနေ့နံနက် ၁၁ နာရီခန့်၌ မြန်မာအမျိုးသမီးတစ်ဦးကို လည်လှီးခဲ့ပြီး ထွက်ပြေးနေသည့် အမျိုးသား ၁ ဦးကို ရဲတပ်ဖွဲ့ကရှာဖွေနေကြောင်း ထိုင်းသတင်းကဖော်ပြသည်။
၎င်းအမျိုးသားကို ဖမ်းဆီးရန် CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးနေပြီး အဆိုပါအမျိုးသားသည်အသက် ၁၈ နှစ်မှ ၂၀ နှစ်ကြား ရှိသည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။ ၎င်းသည် မည်သည့်နိုင်ငံသားဖြစ်သည်ကို ဖော်ပြထားခြင်းမရှိဘဲ နယ်စပ်ဖြတ်ကျော်ထွက်ပြေးမည်ကို ရဲတပ်ဖွဲ့ကစိုးရိမ်နေသည်။
ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာသည် မဲဆောက်ခရိုင်ရုံးခန်းမဘေးရှိ အစည်းအဝေးများရှိမှသာ ဖွင့်လှစ်သော အိမ်သာအဟောင်းတစ်ခုဖြစ်ပြီး အိမ်သာအတွင်း ကြမ်းပြင်ပေါ်တွင် သွေးစွန်းထင်းမှုများစွာ တွေ့ရှိခဲ့ကြောင်း ၊ တိုက်ခိုက်ခံရသူသည်မြန်မာနိုင်ငံသူ အသက် ၂၁ နှစ်အရွယ် မဂျူဂျူဖြစ်ပြီး လည်ပင်းတွင် ပြင်းထန်သော ဒဏ်ရာရရှိကာ သွေးအလွန်အကျွံ ထွက်နေသည်ကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်သည်။

သူမအား မဲဆောက်ဆေးရုံ အရေးပေါ်ခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး အခြေအနေ စိုးရိမ်ရဆဲဖြစ်ကာ ဆရာဝန်များက အနီးကပ် စောင့်ကြည့်နေကြောင်း သိရသည်။
မဂျူဂျူသည် မဲဆောက်ခရိုင် လူမှုဖူလုံရေးဆိုင်အတွင်းရှိ ကော်ဖီဆိုင်တစ်ခုတွင် တစ်လခန့် အလုပ်လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ မဂျူဂျူသည် ဝါယာကြိုးဖြင့်ချည်၍ ပိတ်ထားသည့် အိမ်သာသို့ သွားရောက်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူသည် စောင့်ကြည့်နေခြင်း ဖြစ်နိုင်ပြီး ယူဆောင်လာသောဓားဖြင့် အမျိုးသမီး၏ လည်ပင်းကို လှီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
မဲဆောက်ရဲစခန်းမှ ရဲအရာရှိများသည် တရားခံအား နယ်စပ်ဖြတ်ကျော် ထွက်ပြေးခြင်းကို တားဆီးရန် စစ်ဆေးရေးဂိတ်များသို့ သံသယရှိသူ၏ ဓာတ်ပုံများကို ပေးပို့ထားပြီး အရေးတကြီး လိုက်လံရှာဖွေလျက် ရှိကြောင်း ဖော်ပြသည်။
Photo – Khaosod / FB
ထိုင်းသတင်းများတွင်ဖော်ပြသည့် သံသယရှိသူ၏ပုံ။