လျှပ်စစ်မီးမလုံလောက်လို့ စက်ရုံတွေ အလုပ်လုပ်ဖို့ခက်
ဧပြီ ၂၄ ရက်၊ Migrant Times
- လျှပ်စစ်မီး ရရှိချိန်နည်းပါးလာပြီး လျှပ်စစ်မီးအသုံးပြုခွင့်ကန့်သတ်ချက်တွေကြောင့် စက်ရုံလုပ်ငန်းတွေ လုပ်ကိုင်ရပိုပြီး ခက်ခဲလာတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းထံက သိရပါတယ်။နေ့ပိုင်းအလုပ်ချိန်တွေမှာ လျှပ်စစ်မီးလာချိန်ထက် ပျက်တဲ့အချိန် ပိုများလာကာ ညနေ ၅ နာရီကနေ မနက် ၅နာရီအထိ ဓာတ်အားလိုင်းက မီးအသုံးပြုခွင့်မပေးတော့တဲ့အတွက် မီးစက်ကိုပဲ အဓိကထား လည်ပတ်နေရတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။” မီးစက်နဲ့မောင်းပြီး လုပ်ပြန်တော့လည်း ဆီက လိုသလိုဝယ်မရဘူး။ အကန့်သတ်နဲ့ပဲရလို့ အဲဒါလည်းအမြဲအဆင်ပြေမနေဘူး ” လို့ သူက ပြောပါတယ်။
- အဲဒီလို မီးစက်ကို အားကိုးပြီး လုပ်ငန်းလည်ပတ်ရတာကြောင့် ဆီဖိုး၊ မီးစက်ပြင်ဆင်စရိတ်နဲ့ အပိုငွေကုန်ကျလာစေတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။စက်သုံးဆီ ဝယ်ယူရတာ အခက်အခဲမရှိရအောင် သက်ဆိုင်ရာအဖွဲ့တွေနဲ့ ချိတ်ဆက်ဖြေရှင်းဆောင်ရွက်ပေးမယ်ဆိုပြီး မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်အသင်းက ထုတ်ပြန်ထားပါတယ်။လျှပ်စစ်မီး ညအချိန်အသုံးပြုခွင့်မပေးတော့တဲ့နောက်မှာ စက်ရုံတချို့ဟာ ကုန်ကျစရိတ်လျှော့ချတဲ့အနေနဲ့ အချိန်ပိုခေါ်တာတွေ လျှော့လာတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
- ” ဒီရက်ပိုင်း အိုတီခေါ်တာမရှိဘူး။ ရုံးပိုင်းကနေ ကြားတာကတော့ မီးအခက်အခဲကြောင့်လို့ သိရတယ်” လို့ ရွှေပြည်သာမြို့နယ်က အထည်ချုပ်လုပ်သားတစ်ဦးက ပြောပါတယ်။ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း စက်ရုံတချို့ဟာ အထွေထွေအခက်အခဲတွေကြောင့် ဆက်လက်ရင်းနှီးမြုပ်နှံဖို့ခက်ခဲလာတယ်ဆိုကာ စက်ရုံပိတ်သိမ်းတာတွေရှိလာပါတယ်။အဲဒီအတွက်အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးမှုတွေလည်း ဆက်တိုက်ဖြစ်ပေါ်နေကာ ဆက်လက်ဆိုးရွားတဲ့အခြေအနေမျိုး ဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။