ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုအောက်မှ ဧပြီလ ၁၂ ရက် နံနက်အစောပိုင်း (၁၂ နာရီခွဲ နှင့် ၁ နာရီ ၁ဝ မိနစ်)တွင် သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများတွေ့ရှိခဲ့ကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
အဆောက်အအုံ Zone C မှ ပျောက်ဆုံးနေသူ ၂ ဦး၏ ရုပ်အလောင်းများတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့၏ စာရင်းအရ မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၁၂ ရက် နံနက်အစောပိုင်းအထိ ဌင်းအဆောက်အအုံမှ သေဆုံးသူ ၃၂ ဦး၏ ရုပ်အလောင်းများအားတွေ့ရှိထားသည်။
ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ နံနက်တွင် ပြိုကျခဲ့သည့် စာရင်းစစ်ရုံး အဆောက်အအုံ Zone B အောက်မှ ဖုန်းမီးဖြင့် အလင်းရောင်အချက်ပြမှုကို ၃ မီတာခန့်အနက်တွင် စောင့်ကြည့်ကင်မရာမှ တစ်ဆင့် တွေ့ရှိခဲ့သည်ဟု ပဲချ်ကဆမ်ဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
အနီအောက်ရောင်ခြည် စကင်နာက အပျက်အစီးအောက်တွင် လူသဏ္ဌာန်တစ်ခုကို တွေ့ရှိခဲ့သည့်အတွက် ကယ်ဆယ်ရေးအဖွဲ့များက အောက်ဆီဂျင်ပိုက်များ အရေးပေါ်တပ်ဆင်ကာ အင်တိုက်အားတိုက် အပျက်အစီးများအား ရှင်းလင်းကာ ရှာဖွေခဲ့ကြသည်။
သို့သော်လည်း ဧပြီလ ၁၁ ရက်နေ့ညအထိ ပြိုကျခဲ့သည့် အဆောက်အအုံမှု Zone B အောက်မှ အချက်ပြမှုတွေ့ရှိသည့်နေရာတွင် အသက်ရှင်ကျန်ရစ်သူ မတွေ့ရသေးကြောင်း ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။
“ လက်ရှိအချိန်မှာ အသက်ရှင်ကျန်ရစ်သူ တွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ရှုပ်ထွေးမှုရှိနေပါတယ်၊ ယန္တရားကြီးတွေကို အသုံးပြုပြီး နေရာအမျိုးမျိုးမှာ လေ့လာစစ်ဆေးရေးလုပ်နေပါတယ်” ဟုဘန်ကောက်မြို့တော်ဝန်က သတင်းထောက်များကို ဧပြီလ ၁၁ ရက်နေ့ညတွင် ပြောကြားသည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး ဧပြီလ ၁၂ ရက်နေ့တွင် ၁၅ ရက်မြောက်အဖြစ် ကယ်ဆယ် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။
စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုတွင် ပျောက်ဆုံးနေသူ ၁ဝ၃ ဦးရှိပြီး အဆောက်အအုံအတွင်း ၆၂ ဦးကျန်ရှိနေနိုင်ကာ ထိခိုက်ဒဏ်ရာရခဲ့သူ ၉ ဦးအား ဆေးရုံသို့ပို့ဆောင်ထားကြောင်း ထိုင်းကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
ငလျင်ကြောင့် စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ဝ ဦးခန့် ပိတ်မိနေသည့်အတွက် ကျန်ရှိမိသားစုများ ဆက်သွယ်အကြောင်းကြားရန်လိုကြောင်း မြန်မာအလုပ်သမားအရေး ကူညီသည့်အဖွဲ့အချို့က Migrant Times ကိုပြောကြားသည်။
Photo – Fire & Rescue Thailand
ဧပြီလ ၁၂ ရက်နေ့ နံနက်အစောပိုင်း ကယ်ဆယ်ရေးလုပ်ငန်းခွင်မြင်ကွင်း။