Site icon Migrant Times

အိန္ဒိယ ပင်လယ်ပြင်တွင် ကုန်တင်သင်္ဘော မီးလောင်ပြီး မြန်မာအပါ သင်္ဘောသား ၄ ဦး ပျောက်ဆုံး

စင်ကာပူ ကုန်တင်သင်္ဘော MV WANHAI503 သည် အိန္ဒိယနိုင်ငံ Kerala ကမ်းရိုးတန်း၏ အနောက်မြောက်ဘက် ၁၃၀ ရေမိုင်အကွာတွင် ဇွန်လ ၉ ရက်နေ့က မီးလောင်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသားအပါအဝင် သင်္ဘောသား ၄ ဦး ပျောက်ဆုံးနေကြောင်း စင်္ကာပူရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင် (MPA)အဖွဲ့မှသိရသည်။

သင်္ဘောအလယ်ပိုင်းမှ စတင်၍ သင်္ဘောသားအခန်းများရှေ့ရှိ ကွန်တိန်နာခန်းအထိ မီးလောင်ကျွမ်းမှုများနှင့် ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေပြီး သင်္ဘောဦးပိုင်းရှိ မီးလောင်မှုများမှ မီးခိုးများ ထွက်ပေါ်နေဆဲဖြစ်ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ် Indian Coast Guard က ယနေ့(ဇွန်လ ၁ဝ)တွင်ထုတ်ပြန်သည်။

ယနေ့တွင် သင်္ဘောသည် ဘယ်ဘက်သို့ ၁၀-၁၅ ဒီဂရီခန့် စောင်းနေပြီး ကွန်တိန်နာများ ထပ်မံရေထဲကျွံကျခဲ့ကြောင်း သိရသည်။

အိန္ဒိယကမ်းခြေစောင့်တပ်သင်္ဘောများဖြစ်သည့် Samudra Prahari နှင့် Sachet တို့သည် မီးငြှိမ်းသတ်ခြင်းနှင့် ဘေးပတ်ပတ်လည် အအေးပေးခြင်း လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း သိရသည်။

စင်ကာပူကုန်တင်သင်္ဘောပေါ်မှ သင်္ဘောသား ၁၈ ဦးကို အရေးပေါ် ကယ်ဆယ်ပေးခဲ့ပြီး ပျောက်ဆုံးနေသည့် သင်္ဘောသား ၄ ဦးကို ဆက်လက်ရှာဖွေနေကြောင်းအိန္ဒိယကမ်းခြေစောင့်တပ် မှသိရသည်။

Photo – Indian Coast Guard

Exit mobile version