Migrant Times Blog သတင်း ဘန်ကောက်ရှိ နေရာ ၇ ခုကို ခွေးရူးပြန်ရောဂါ ဖြစ်ပွားရာဒေသအဖြစ် ကြေညာ
သတင်း

ဘန်ကောက်ရှိ နေရာ ၇ ခုကို ခွေးရူးပြန်ရောဂါ ဖြစ်ပွားရာဒေသအဖြစ် ကြေညာ

ခွေးကိုက်ခံရပါက ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ပြသရန် အသိပေး

စက်တင်ဘာ ၁၇ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Nong Chok မြို့နယ်ရှိ Khok Faet ဧရိယာတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားနေသည့် တိရစ္ဆာန်တစ်ကောင်ကို တွေ့ရှိပြီးနောက်တွင် နေရာ ၇ ခုကို ခွေးရူးပြန်ရောဂါဖြစ်ပွားရာဒေသအဖြစ် ကြေညာလိုက်ကြောင်း siam news တွင်ယနေ့ဖော်ပြသည်။

Khok Faet ဧရိယာရှိ နေရာ ၇ ခုကို ခွေးရူးပြန်ရောဂါဖြစ်ပွားရာဒေသအဖြစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် မွေးမြူရေးနှင့်ကုသရေးဌာနမှ စာထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ခွေးရူးပြန်ရောဂါသည် လူများ၊ ခွေးများ၊ ကြောင်များ၊ နွားများ၊ ကျွဲများနှင့် အခြားနို့တိုက်သတ္တဝါများသို့ ကူးစက်နိုင်သည့် အန္တရာယ်ရှိသော ရောဂါတစ်ခုဖြစ်ပြီး ရောဂါဖြစ်ပွားသည့်နေရာတစ်ဝိုက်ကို ယာယီရောဂါဖြစ်ပွားမှုဇုန်အဖြစ် ကြေညာထားကြောင်း မွေးမြူရေးနှင့်ကုသရေးဌာနမှ ထုတ်ပြန်သည်။

ယာယီရောဂါဖြစ်ပွားမှုဇုန်အဖြစ် သတ်မှတ်ထားသည့် နေရာများမှာ Nong Chok ခရိုင်၊ Khue Fang Nuea ရပ်ကွက်နှင့် နယ်နိမိတ်ထိစပ်နေသည် မြောက်ဘက်နေရာ၊ Lat Krabang ခရိုင်၊ Lam Pla Thio ၊Thap Yao နှင့် Lam Phak Chi ရပ်ကွက်များနှင့် နယ်နိမိတ်ထိစပ်နေသည့် တောင်ဘက်နေရာ၊ Nong Chok ခရိုင်၊ Krathum Rai ရပ်ကွက်နှင့် နယ်နိမိတ်ထိစပ်နေသည် အရှေ့ဘက်နေရာနှင့် Min Buri ခရိုင်၊ Saen Saep ရပ်ကွက်နှင့် နယ်နိမိတ်ထိစပ်နေသည် အနောက်ဘက်နေရာတို့ဖြစ်ကြောင်းသိရသည်။

၎င်းနေရာများအား ယာယီရောဂါဖြစ်ပွားမှုဇုန်အဖြစ် စက်တင်ဘာလ ၁၇ ရက်နေ့မှ အောက်တိုဘာလ ၁၆ ရက်နေ့အထိ အကျုံးဝင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

Khok Faet နှင့် အနီးတစ်ဝိုက်ရှိ ၅ ကီလိုမီတာ(၃ မိုင်)အတွင်းရှိ ရပ်ရွာနေ ပြည်သူများသည် လမ်းဘေးတိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမှ ရှောင်ရှားရန်နှင့် သတ်မှတ်ထားသော ဇုန်များအတွင်းနှင့် ဇုန်များကြားတွင် ခွေးများ သို့မဟုတ် ဆက်စပ်တိရစ္ဆာန် အသေကောင်များကို တိရစ္ဆာန်ဆေးကုဆရာဝန်ထံမှ စာဖြင့်ခွင့်ပြုချက်မရရှိပါက ရွှေ့ပြောင်းခြင်းမပြုရန်သတ်မှတ်ထားသည်။

တိရစ္ဆာန်တစ်ကောင် ဖျားနာခြင်း သို့မဟုတ် သေဆုံးသွားပါက ရွှေ့ပြောင်းခြင်းမပြုရဘဲ ပိုင်ရှင်သည် ၁၂ နာရီအတွင်း အရာရှိ၊ စစ်ဆေးရေးမှူး သို့မဟုတ် တိရစ္ဆာန်ဆေးကုဆရာဝန်ကို အကြောင်းကြားရမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ခွေးကိုက်ခံရခြင်းနှင့် ခွေးရူးပြန်ရောဂါရှိသည်ဟု သံသယရှိသော တိရစ္ဆာန်တစ်ကောင်နှင့် ထိတွေ့မိပါက ချက်ချင်း ဆပ်ပြာဖြင့် ဆေးကြောပြီး ကာကွယ်ဆေးထိုးရန်အတွက် ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ပြသရန်လည်း အသိပေးထားသည်။

သေဆုံးသွားသော ခွေး၊ ကြောင်ကိုတွေ့ရှိခြင်း၊ ခွေး၊ ကြောင်များ ဂနာမငြိမ်ဖြစ်ခြင်း၊ ရန်လိုခြင်း၊ ကိုက်ခြင်း၊ ကိုယ်ခန္ဓာ တောင့်တင်းခြင်း၊ တံတွေးထွက်ခြင်း ၊လျှာတွဲကျခြင်းကဲ့သို့သော သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများရှိသည့် တိရစ္ဆာန်များကို တွေ့ရှိပါက Dog Control and Shelter Group (Prawet) ခွေးထိန်းချုပ်ရေးနှင့် ခိုလှုံရာအဖွဲ့၏ ဖုန်း 02-328-7460 ၊ 02-328-7355 များသို့ ဖုန်းဆက်၍ အကြောင်းကြားရန် ထုတ်ပြန်ထားသည်။

Photo – siam news

#Migranttimes

#ထိုင်း

#ဘန်ကောက်

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

Exit mobile version