Migrant Times Blog သတင်း ချင်းမိုင်တက္ကသိုလ်ရှေ့ရှိ အကြွေစေ့ထည့် အရုပ်ဂိမ်းစက်များကိုသိမ်း
သတင်း

ချင်းမိုင်တက္ကသိုလ်ရှေ့ရှိ အကြွေစေ့ထည့် အရုပ်ဂိမ်းစက်များကိုသိမ်း

ချင်းမိုင်တွင် အရုပ်ဂိမ်းစက်များကို ပိတ်သိမ်းမည်ဟုဆို
စက်တင်ဘာ ၂၄ ၊ Migrant Times ။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်တက္ကသိုလ်ရှေ့ ဟွေ့ကော်(Huay Kaew)လမ်းတွင်ဖွင့်ထားသည့် အကြွေစေ့ထည့်ကစားရသော အရုပ်ဖမ်းစက် ဂိမ်းဆိုင်ကို အုပ်ချုပ်ရေးအဖွဲ့ကဝင်ရောက်စီးနင်းပြီး အရုပ်ညှပ်စက် ၂၉ လုံးကို သိမ်းဆည်းခဲ့ကြောင်း ချင်းမိုင်သတင်းကဖော်ပြသည်။
ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့တွင် တိုင်ကြားချက်များအရဟုဆိုကာ ချင်းမိုင်မြို့နယ်မှူးနှင့်အရန်တပ်ဖွဲ့များပါသည့် ပူးပေါင်းအဖွဲ့က ယင်းဆိုင်ကိုစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဆိုင်အတွင်း၌ အရုပ်ညှပ်စက် ၂၆ လုံး၊ အကြွေစေ့လဲလှယ်စက် ၁ လုံး၊ နှင့် အရုပ်နှိပ်ယူသည့် စက် ၂ လုံးတို့ကို တွေ့ရှိခဲ့သည်။
ထို့နောက် ဆိုင်တာဝန်ခံအား အရုပ်ညှပ်စက်များအား ကစားခိုင်းခဲ့ပြီး စက်တွင် ဖော်ပြထားသော အကြွေစေ့ပြည့်သော်လည်း အရုပ်ကို ညှပ်၍ မရကြောင်း၊ အလိုအလျောက် ငွေပြန်အမ်းခြင်းများမရှိသည့်အတွက် ကစားသူသာ နစ်နာရန်ပြုလုပ်ထားကြောင်း စစ်ဆေးရေးအဖွဲ့ကပြောသည်။
ဆိုင်ပိုင်ရှင်သည် ခွင့်ပြုချက်မရှိဘဲဖွင့်လှစ်ထားသည့်အပြင် လောင်းကစားဥပဒေများကိုဖော်ဖျက်ကျုးလွန်ခဲ့သည့်အတွက် ကစားစက် စုစုပေါင်း ၂၉ လုံးကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းကာ ချန်းဖောက် ရဲစခန်းသို့ ဥပဒေအရ အရေးယူရန် ပို့ဆောင်ခဲ့ကြောင်း သတင်းကဖော်ပြသည်။
ချင်းမိုင်ပြည်နယ်တွင် စက်တင်လာလ ၂၃ ရက်မှစကာ အရုပ်ကောက်စက်များ တပ်ဆင်ခြင်းကို တင်းတင်းကျပ်ကျပ်စစ်ဆေးရန်လည်း ညွှန်ကြားထားသည်။ အဆိုပါ ညွှန်ကြားစာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အရုပ်ကောက်စက်များနှင့်ပတ်သက်သည့် လုပ်ငန်းလိုင်စင်များ ထုတ်ပေးခြင်းကို ချက်ချင်းစစ်ဆေးပြီး ရပ်ဆိုင်းရန်ပါဝင်သည်။
၁၉၃၅ ခုနှစ်၊ လောင်းကစားဥပဒေအရ အရုပ်ကောက်စက်များ တပ်ဆင်ပြီး လည်ပတ်ခြင်းသည် လောင်းကစားခြင်းအမျိုးအစား ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများသည် ထောင်ဒဏ် ၂ နှစ်အထိ နှင့် ဘတ်ငွေ ၂,၀၀၀ အထိ ဒဏ်ငွေချမှတ်ခြင်း ခံရနိုင်ကြောင်းဖော်ပြသည်။
ဓာတ်ပုံ – ချင်းမိုင်သတင်း
Exit mobile version