Migrant Times Blog သတင်း ဖူးခက်တွင် ဓားထိုးမှုဖြစ်ပြီး မြန်မာ ၁ ဦးသေဆုံး တိန်းရှောင်နေသည့် မြန်မာကိုရဲရှာဖွေနေ
သတင်း

ဖူးခက်တွင် ဓားထိုးမှုဖြစ်ပြီး မြန်မာ ၁ ဦးသေဆုံး တိန်းရှောင်နေသည့် မြန်မာကိုရဲရှာဖွေနေ

အောက်တိုဘာ ၆ ၊ Migrant Times ။
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာအချင်းချင်းစကားများပြီး ဓားထိုးမှုဖြစ်ပွားကာ တစ်ဦးသေဆုံးခဲ့ပြီး ထွက်ပြေးတိန်းရှောင်နေသည့် မြန်မာတစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ဖူးခက်မြို့ Patong ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ အောက်တိုဘာ ၃ ရက်နေ့ည ၇ နာရီခန့်တွင် Soi Klong Bang Wat အလွန်ရှိ အခန်းတစ်ခန်းတွင် အသက် ၃၈ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ဇော်မင်းဝင်းကို သွေးအိုင်ထဲ၌ လဲကျနေသည်ကို တွေ့ရှိခဲ့သည်။ အင်္ကျီမပါဘဲ ဘောင်းဘီရှည်ဝတ်ဆင်ထားသည့် သေဆုံးသူ၏ ကိုယ်ခန္ဓာ၌ ပြင်းထန်သော ဓားဒဏ်ရာများ တွေ့ကြောင်း ၊ တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည်ဟု ယူဆရသော ၉ လက်မနီးပါး ဓားတစ်ချောင်းကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ကိုဇော်မင်းဝင်းအား အခင်းဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးသမားများက နှလုံးအသက်ကယ်ခြင်း (CPR) ပြုလုပ်ပြီး ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့သည်။
မျက်မြင်သက်သေများ၏ ရဲတပ်ဖွဲ့ထံထွက်ဆိုချက်အရ ကိုဇော်မင်းဝင်းနှင့်သူငယ်ချင်းဖြစ်သူ မြန်မာအမျိုးသား တစ်ဦးတို့သည် အရက်သောက်ခဲ့ကြပြီး ထိုမှတစ်ဆင့် ဓားထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဓားထိုးမှု သံသယရှိသူသည် ရဲများ မရောက်မီ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ၎င်းကို ခြေရာခံ ဖမ်းဆီးနိုင်ရန်အတွက် ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၃ဝရက်နေ့ နံနက်ပိုင်းကလည်း ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်၊ ပတ္တယားလမ်းလမ်းပေါ်တွင်မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်ပြီး လူ (၂) ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
Photo – phuket news
Exit mobile version