Migrant Times Blog သတင်း ထိုင်း ရွှေဆိုင် ဓားပြတိုက်သူ ၈ ဦးကို ရဲရှာဖွေနေ
သတင်း

ထိုင်း ရွှေဆိုင် ဓားပြတိုက်သူ ၈ ဦးကို ရဲရှာဖွေနေ

အောက်တိုဘာ ၆ ၊ Migrant Times ။
ထိုင်းနိုင်ငံတောင်ပိုင်း နရာသီဝပ် (Narathiwat) ခရိုင်၊ Su-ngai Kolok မြို့ရှိ ဈေးဝယ်စင်တာတစ်ခုအတွင်းရှိ ရွှေဆိုင်ကို ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့ ညနေတွင် သေနတ် ဖြင့်ချိန်းခြောက်ကာ ဓားပြတိုက်သွားခဲ့သည့် သံသယရှိသူ ၈ ဦးကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း ထိုင်းသတင်းများတွင်ယနေ့ ဖော်ပြသည်။
ဓားပြတိုက်သူ များသည် ရွှေဆိုင်ကို ဓားပြမတိုက်ခင် ပစ်ကပ်ကားနှစ်စီးကိုလည်း အရင်ခိုးယူသွားကြောင်း ရဲတပ်ဖွဲ့က တွေ့ရှိထားသည်။ ဓားပြတိုက်သူ များသည် နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့် မလေးရှားနိုင်ငံထဲသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီဟု ယုံကြည်ရကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ထိုင်းသတင်းများဖော်ပြချက်အရ ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် လက်နက်ကိုင် ၈ ဦးပါ အဖွဲ့သည် စုငိုင်-ကိုးလုခ်ရှိ နာမည်ကြီးကုန်တိုက်တစ်ခုသို့ ပစ်ကပ်ကားဖြင့် ဝင်ရောက်ကာ ရွှေဆိုင်အား ဓားပြတိုက်ခဲ့ပြီး ရွှေများစွာ ယူဆောင်သွားခဲ့သည်။
ထို့နောက် တရားခံများသည် ကားမောင်းထွက်ပြေးပြီး ရဲများဖမ်းဆီးခြင်းကို တားဆီးရန် ကုန်တိုက်ရှေ့တွင် တာယာဖောက်သည့် ဆူးများကို ဖြန့်ကြဲထားခဲ့ကြသည်။ ထို့ပြင်စျေးဝယ်စင်တာရှေ့ U-turn junction တစ်နေရာတွင် ဓာတ်ငွေ့ဘူးနှင့် ဆင်တူသည့် ပစ္စည်းနှစ်ခုကို ထားရှိခဲ့သည်။
ဓားပြတိုက်မှုအတွင်း အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် လည်ပင်း၊ ရင်ဘတ်နှင့် ခြေထောက်တို့တွင် ကျည်စင်ပြီး ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ တိုက်ခိုက်သူများက ခဏတာ ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးမှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် ဆေးကုသမှု ခံယူနေရကြောင်း ထိုင်းသတင်းများကဖော်ပြသည်။
Photo – Khaosod / Nation
Exit mobile version