Migrant Times Blog သတင်း ထိုင်းတွင် အောက်တိုဘာလ ၁၃ ရက်ကစပြီး ရွှေ့ပြောင်းအလုပ်သမားများ အွန်လိုင်းက မှတ်ပုံတင်နိုင်မည်
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် အောက်တိုဘာလ ၁၃ ရက်ကစပြီး ရွှေ့ပြောင်းအလုပ်သမားများ အွန်လိုင်းက မှတ်ပုံတင်နိုင်မည်

အောက်တိုဘာ ၆ ၊ Migrant Times ။
ထိုင်းနိုင်ငံတွင်းရှိ နိုင်ငံခြားသားလုပ်သားများ(ရွှေ့ပြောင်းအလုပ်သမားများ)အား အွန်လိုင်းမှ မှတ်ပုံတင်နိုင်သော “e-Work Permit” စနစ်ကိုအောက်တိုဘာလ ၁၃ ရက်နေ့မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၄ နာရီ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Ms. Trinuch Thienthong ကယနေ့ပြောကြားသည်။
အလုပ်သမားဝန်ကြီးဌာန သည် “e-Work Permit” အီလက်ထရောနစ်စနစ်မှတစ်ဆင့် နိုင်ငံခြားသားလုပ်သားများအတွက် လျှောက်လွှာတင်သွင်းခြင်း၊ စစ်ဆေးခြင်း၊ အတည်ပြုပေးခြင်းမှသည် အလုပ်လုပ်ခွင့်လက်မှတ် ရယူသည်အထိ အွန်လိုင်းမှတစ်ဆင့် ၂၄ နာရီပြည့်စုံစွာ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်းထုတ်ပြန်သည်။
၎င်းဝန်ဆောင်မှုစနစ်ကို အောက်တိုဘာလ ၁၃ ရက် တွင် eworkpermit.doe.go.th ဝက်ဘ်ဆိုက်မှတစ်ဆင့် တစ်နိုင်ငံလုံးတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန သည် တစ်နိုင်ငံလုံးရှိ အလုပ်လုပ်ခွင့်လက်မှတ် ဝန်ဆောင်မှုစင်တာ စုစုပေါင်း ၅၄ ခု ကို ပြင်ဆင်ထားကြောင်းသိရသည်။
အသုံးပြုပုံ အဆင့်ဆင့်မှာ အွန်လိုင်းစနစ်တွင် မှတ်ပုံတင် (Register) ဝင်ရောက်ခြင်းမှ စတင်ပြီး အွန်လိုင်းမှတစ်ဆင့် လျှောက်လွှာတင်သွင်းခြင်းနှင့် အလုပ်လုပ်ကိုင်မှု အကြောင်းကြားခြင်းတို့ကို အချိန်မရွေး နေရာမရွေး ပြုလုပ်နိုင်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည်။
လျှောက်လွှာတင်သွင်းခ ပေးချေပြီးနောက် လျှောက်ထားသူသည် ဝန်ဆောင်မှုရယူလိုသည့် စင်တာတွင် အခကြေးငွေ ပေးချေခြင်းနှင့် အွန်လိုင်းမှ ရက်ချိန်းယူခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း၊အချက်အလက်လုံခြုံရေးအတွက် မျက်နှာစကန် (Face Scan)၊ မျက်လုံးသူငယ်အိမ်စကန် (Iris Scan) နှင့် လက်ဗွေ (Fingerprint) နည်းပညာများဖြင့် ကိုယ်ပိုင်အမှတ်အသားကို စစ်ဆေးအတည်ပြုပေးမည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံခြားသားလုပ်သား ခေါ်ယူသည့် ကုမ္ပဏီများ သည် ယနေ့ အောက်တိုဘာလ ၆ ရက်မှစ၍ အွန်လိုင်းစနစ်တွင် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အလုပ်ရှင်များနှင့် နိုင်ငံခြားသားလုပ်သားများသည် အောက်တိုဘာလ ၁၃ ရက်မှစ၍ အွန်လိုင်းစနစ်ကို စတင်အသုံးပြုနိုင်ပြီး အလုပ်လုပ်ခွင့်လက်မှတ် လျှောက်လွှာများ တင်သွင်းနိုင်မည်ဖြစ်ကြောင်းထုတ်ပြန်သည်။
Photo – กรมการจัดหางาน
ထိုင်းအလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Ms. Trinuch Thienthong
Exit mobile version