Migrant Times Blog သတင်း ထိုင်းမှာ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သား ၃၂ဝ ဦး နစ်နာကြေး ဘတ် ၃ သန်းကျော်ရ
သတင်း အလုပ်သမား သတင်း

ထိုင်းမှာ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သား ၃၂ဝ ဦး နစ်နာကြေး ဘတ် ၃ သန်းကျော်ရ

အောက်တိုဘာ ၈ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ချာချင်ဆောင်ခရိုင် အလုပ်ရုံတစ်ခုမှ အလုပ်ထုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၃၂ဝ ဦး၏နစ်နာကြေး ဘတ် ၃ သန်းကျော်ပြန်လည်ရရှိခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် MHAC မဟာမိတ်အဖွဲ့ကထုတ်ပြန်သည်။
ထိုစက်ရုံတွင်အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၃၂ဝ ဦးကို ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့တွင် အလုပ်ရှင်က ကြိုတင်အကြောင်းမကြားပဲ လုပ်သက် ၄ လမပြည့်ခင် အလုပ်ထုတ်ခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၄ ရက်နေ့တွင် မြန်မာအလုပ်သမားများက နစ်နာကြေးရရှိရန် အကူညီတောင်းခဲ့ခြင်းဖြစ်ကြောင်း MHAC အဖွဲ့ဝင်ကပြောသည်။
ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့တွင် စဝါဒီကန်ရုံး(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး)၌ စက်ရုံလုပ်ငန်းရှင်နှင့် ကြားခံ အေဂျင်စီမှ လာရောက်ဖြေရှင်းပေးခဲ့ခြင်းဖြစ်ကြေင်းသိရသည်။
“မ‌နေ့က တောမောင်းတွေကော တစ်ခြားဌာနဆိုင်ရာတွေက ဆင်းလာတာကြောင့် သူဌေးဘက်ခြမ်းက မြန်မြန်ရှင်းသွားတာ” ဟု MHAC ရုံးတာဝန်ခံ ကိုဖြိုးကိုကိုနိုင်က Migrant Times ကိုပြောသည်။
မြန်မာအလုပ်သမား ၃၂ဝ ဦးသည် နစ်နာကြေးအဖြစ် လုပ်သက် ၃ လ ကျော်သူများ ဘတ် ၁၀၈၀၀ ၊ လုပ်သက် ၃ လ မကျော်သူများ ဘတ် ၉၀၀၀ ဖြင့် စုစုပေါင်း ဘတ်ငွေ ၃,၀၄၅,၆၀၀ ပြန်ရခဲ့ကြောင်း သိရသည်။ မြန်မာအလုပ်သမားများ၏ စာရွက်စာတန်းများ အားလုံးကိုလည်း နယ်မြေခံ စဝါဒီကန်ရုံးတွင် စက်ရုံဘက်မှ ပြန်လည်ပေးအပ်ခဲ့ကြောင်း MHAC အဖွဲ့ကထုတ်ပြန်သည်။
Photo – MHAC
Exit mobile version