Migrant Times Blog သတင်း မြန်မာအလုပ်သမား ၇၂ ဦးထံမှ သိန်း ၁ သောင်းကျော် လိမ်ပြေးသည့် အမျိုးသမီးကိုဖမ်းမိ
သတင်း အလုပ်သမား သတင်း

မြန်မာအလုပ်သမား ၇၂ ဦးထံမှ သိန်း ၁ သောင်းကျော် လိမ်ပြေးသည့် အမျိုးသမီးကိုဖမ်းမိ

အောက်တိုဘာ ၉ ၊ Migrant Times ။
စင်္ကာပူသို့ ပို့ပေးမည်ဆိုကာ မြန်မာအလုပ်သမား ၇၂ ဦးထံမှ ကျပ်သိန်းပေါင်း ၁၂,ဝဝဝ ခန့်လိမ်လည်ပြီးတိန်းရှောင်နေသည့် မြန်မာအမျိုးသမီးကိုဖမ်းမိခဲ့ကြောင်း နစ်နာသူများနှင့်နီးစပ်သူတဦးက Migrant Times ကိုယနေ့ (အောက်တိုဘာ ၉) ပြောကြားသည်။
“ မိသွားပြီ..ခုပြည်ထဲရေးအချုပ်ထဲမှာ” ဟု၎င်းကပြောသည်။
ငွေကြေးလိမ်လည်သည့်အမျိုးသမီးအား ယမန်နေ့က ရန်ကုန်မြို့ တစ်နေရာ၌ ပတ်ပို့စ်များနှင့်အတူ ဖမ်းခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင်ငွေကြေးလိမ်လည်ခံခဲ့ရသည့် အမျိုးသမီးတဦးကလည်း Migrant Times ကိုအတည်ပြု ပြောကြားသည်။
ကျပ်သိန်းပေါင်း ၁၂,ဝဝဝ ကျော်လိမ်လည်ခဲ့သည့် အမျိုးသမီးသည် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် Original Oversea Employment အမည်ဖြင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ ဖွင့်လှစ်ခဲ့သူဖြစ်သည်။
၎င်းအမျိုးသမီးသည် ယခုနှစ် မတ်လမှစကာ ပြည်တွင်းရှိ မြန်မာအလုပ်သမားများအား စင်္ကာပူတွင် အလုပ်လုပ်ရန်ခေါ်ယူခဲ့သည်။ စင်္ကာပူတွင် အလုပ်လုပ်ရန် တစ်ဦးလျှင် ကုမ္ပဏီတိုက်ရိုက် ဆိုပါက စင်္ကာပူ ဒေါ် လာ ၅,၀၀၀ နှင့် ပွဲစားမှ တစ်ဆင့် ချိတ်ဆက်ပါက စင်္ကာပူ ဒေါ် လာ ၆,၃၀၀ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း နစ်နာခဲ့သူ အမျိုးသမီး တဦးကပြောသည်။
ထိုအမျိုးသမီးသည် စက်တင်ဘာ ၂၇ ရက်နေ့တွင် ထွက်ပြေးတိမ်ရှောင်သွားပြီး အင်းစိန်မြို့နယ် တောင်သူကုန်းရှိ ရုံးခန်းမှာလည်း ငှားရမ်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ငွေကြေးလိမ်လည်ခဲ့သူ အမျိုးသမီးအား နစ်နာသူများက အင်းစိန်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း နစ်နာခဲ့သူ အမျိုးသမီး တဦးကပြောသည်။
Photo – လူမူကွန်ရက်တွင် ပျံနှံနေသည့် ငွေလိမ်သွားသည့် အမျိုးသမီး။
Exit mobile version