Migrant Times Blog သတင်း အလုံပိတ်ကားအတွင်း ပြွတ်သိပ်လိုက်ပါလာသည့် မြန်မာလုပ်သား ၁၀၈ ဦး ဖမ်းဆီးခံရ
သတင်း အလုပ်သမား သတင်း

အလုံပိတ်ကားအတွင်း ပြွတ်သိပ်လိုက်ပါလာသည့် မြန်မာလုပ်သား ၁၀၈ ဦး ဖမ်းဆီးခံရ

အောက်တိုဘာ ၁၁ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ ကန်ချနာဘူရီမြို့နယ်တွင် အလုံပိတ်ကားအတွင်း ပြွတ်သိပ်လိုက်ပါလာသည့် မြန်မာလုပ်သား ၁ဝ၈ ဦးနှင့် ယာဉ်မောင်း ၁ ဦးအား ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

ယနေ့နံနက်တွင် ကန်ချနာဘူရီခရိုင် အုပ်ချုပ်ရေးအဖွဲ့နှင့် အဝေးပြေးရဲတပ်ဖွဲ့များသည် ကန်ချနာဘူရီ ၊Ban Khao Meng Road လမ်းပေါ်တွင် အလုံပိတ်ကုန်ကားအားစစ်ဆေးခဲ့ပြီး ကား၏ ကုန်သေတ္တာအတွင်း၌ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၀၈ ဦး (အမျိုးသား ၆၄ ဦး၊ အမျိုးသမီး ၃၈ ဦးနှင့် ကလေး ၆ ဦး) နှင့် ယာဉ်မောင်း ၁ ဦးတို့ စုစုပေါင်း ၁၀၉ ဦးကိုတွေ့ရှိခဲ့သည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ကားမောင်းသူသည် ခရီးစဉ်တစ်ကြောင်းလျှင် ဘတ် ၇,၀၀၀ ဖြင့် ငှားရမ်းခဲ့သည့်အတွက် မောင်းနှင်ခဲ့ကြောင်း၊ မြန်မာအလုပ်သမားများသည် မြန်မာဘက်ခြမ်မှလှေဖြင့်ဖြတ်ကျော်ကာ ထောင်းဖာဖူမ် ဒေသသို့လာရောက်ခဲ့ပြီး အခြားဒေသို့ ဆက်သွားရန် ကားဖြင့်လိုက်ပါလာကြောင်း သိရသည်။

ယာဉ်မောင်းနှင့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၀၈ ဦးအား ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

အောက်တိုဘာလ ၄ ရက်နေ့ ညကလည်း ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်၊ စံခလဘူရီမြို့နယ်တွင် ကားတစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB)ကထုတ်ပြန်သည်။

ထိုင်းသတင်းများ ဖော်ပြချက်အရ စက်တင်ဘာလအတွင်းတွင် ထိုင်းနိုင်ငံသို့ နယ်စပ်များမှတရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁,၀၀၀ ဦးထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။

Photo – ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี

Exit mobile version