အောက်တိုဘာ ၁၈ – Migrant Times
အဘွား ဒေါ်တင်ထွေးတယောက် ဝမ်းသာလွန်းပြီး ငိုလေပြီ။ မျက်ရည်တွေ စီးကြနေတယ်။
ဒေါ်တင်ထွေးဟာ အယုဒ္ဓယကနေ မြန်မာနိုင်ငံကို ဖမ်းဆီးခေါ်ဆောင်တာ ခံခဲ့ရသူတွေရဲ့ နောက်ဆုံးသားစဉ် မြေးဆက်ပါ။
နှစ်ပေါင်း ၂၆ဝ ကြာပြီးမှ ဘိုးဘွားဘီဘင်တွေရဲ့ မြေကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။
အောက်တိုဘာလ ၁၈ ရက်နေ့မှာ သမိုင်း ပညာရှင် ဆရာပနာပတ် ခမ္မနွမ်က ဒေါ်တင်ထွေးနဲ့အဖွဲ့ကို အယုဒ္ဓယကို အရောက်ခေါ်ခဲ့ပါတယ်။ ဆရာပနာပတ်က မန္တလေးတိုင်း၊ ဆူးခါးရွာ(Sukkhah)က ဒေါ်တင်ထွေးနဲ့ ရွာသားတွေရဲ့ အယုဒ္ဓယ နေရပ်ပြန် အစီအစဉ်ကို ကော်မတီဖွဲ့ပြီး အကောင်အထည်ဖော်ခဲ့တာပါ။
ဒီရွာသားတွေဟာ ၁၇၆၇ ခုနှစ်မှာ ဒုတိယအကြိမ် မြန်မာကျူးကျော်မှုကြောင့် အယုဒ္ဓယပျက်သုဉ်းချိန်မှာမြန်မာနိုင်ငံကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာခံရတဲ့ အယုဒ္ဓယလူမျိုးတွေရဲ့ မျိုးဆက်တွေ ဖြစ်ပါတယ်။
အလည်အပတ်ခရီးစဉ်မှာ ဆူးခါးရွာ ရွာ ဘုန်းတော်ကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် ဦးမာဃ၊ ရွာလူကြီး ဦးဇော်ဝင်း၊ အသက် ၈၃နှစ်အရွယ် အဘွား ဒေါ်တင်ထွေး နဲ့ ဒေါ်တင်ညွန့်တို့ ပါဝင်ကြပါတယ်။
သူတို့အားလုံးဟာ ၇ ဆက်မြောက် သားစဉ်မြေးဆက်တွေဖြစ်ကြပါတယ်။ ထိုင်းနိုင်ငံလို့ အမည်တွင်ခဲ့တဲ့ရှေးဟောင်းမြို့တော် အယုဒ္ဓယခရိုင်ကို မသွားမီ ဘန်ကောက်မြို့၊ ဒွန်မောင်းလေဆိပ်ကို မန္တလေးမြို့ကနေ လာရောက်ခဲ့ကြတာပါ။
သူတို့တွေ ပထမဆုံး အယုဒ္ဓယမြေကို နင်းမိတဲ့နေရာက မြို့စောင့်နတ်နန်း ရှေ့ပါ။
ကားပေါ်ကဆင်းလားပြီး ဘိုးဘွားဘီဘင်တွေရဲ့ မွေးရပ်မြေပေါ် ခြေချလိုက်တာနဲ့ လူတိုင်း ဝမ်းသာပီတိ မျက်ရည်တွေ ကျဆင်းခဲ့ကြပါတယ်။ သူတို့အားလုံး မြို့စောင့်နတ်နန်း အတွင်းကို ဝင်ရောက်ပြီးအမွှေးအကြိုင်တွေ ပူဇော်ကန်တော့ပါတယ်။ တိုင်တွေကို အဝတ်တွေနဲ့ စည်းခဲ့ကြပါတယ်။
အဝတ်တွေစည်းပြီးနောက်မှာ အဘွား ဒေါ်တင်ထွေး တယောက် စိတ်လှုပ်ရှားမှုကို မျက်ရည်တွေနဲ့ပြခဲ့ပါတယ်။
ဒေါ်တင်ထွေး တို့အဖွဲ့ဟာ အယုဒ္ဓယက ရှေးဟောင်းအဆောက်အအုံတစ်ခုဖြစ်တဲ့ ဝပ်ဖရာရမ်(Wat Phra Ram) ကို ခရီးဆက်ခဲ့ပြီး သမိုင်းဝင်နေရာတွေကို လည်ပတ်ခဲ့ကြပါတယ်။ ဝပ်ဖရာရမ်မှာ ပန်းတွေကို ပူဇော်ဖို့ ပြင်ဆင်နေချိန်မှာ ဒေါ်တင်ထွေး မျက်ရည်တွေ ထပ်မံကျခဲ့ပါတယ်။
အဲ့ဒီနောက် ဒေါ်တင်ထွေး ဖိနပ်တွေကို ချွတ်လိုက်တယ်။ ဘိုးဘွားဘီဘင်တွေထံက ကြားခဲ့ဖူးတဲ့ ရှေးဟောင်းအဆောက်အအုံတွေပေါ်မှာ ခြေဗလာနဲ့လျှောက်သွားရင်း အထိအတွေ့ကို ခံစားလိုက်ပါတယ်။
သူမအနေနဲ့ ဒီမြေကို နောက်တစ်ကြိမ် ပြန်လာရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါ။
သမိုင်း ပညာရှင် ဆရာပနာပတ်က ဒေါ်တင်ထွေးတို့ကို စောပြီးအလည်ခေါ်ချင်ခဲ့ပေမယ့် စာရွက်စာတမ်းတွေ ပတ်စပို့တွေ ပြုလုပ်ခဲ့တာကြောင့် နှောင့်နှေးခဲ့တယ်လို့ပြောပါတယ်။
ဒေါ်တင်ထွေးတို့ဟာ ၁၇၆၇ ခုနှစ် အယုဒ္ဓယ မြို့တော် ဒုတိယအကြိမ် ပျက်သုဉ်းချိန်မှာ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ အယုဒ္ဓယ လူမျိုးတွေရဲ့ သားစဉ်မြေးဆက်တွေဖြစ်တယ်လို့ ဆရာပနာပတ်ကဆိုပါတယ်။
သူတို့ရဲ့ ဘိုးဘွားဘီဘင်တွေဟာ အယုဒ္ဓယက လာကြတယ်လို့ ပြောပြခဲ့ရဖူးတဲ့ မျိုးဆက်တစ်ခု ဖြစ်တယ်လို့ ဆရာပနာပတ်က ရှင်းပြပါတယ်။ ဒေါ်တင်ထွေးတို့ တခါမှလာရောက်လည်ပတ်ခွင့် မရခဲ့ကြဖူးဆိုတာ စကားပြောရင်း သိခဲ့ရတယ်လို့ ဆရာပနာပတ်ကပြောပါတယ်။
အယုဒ္ဓယရဲ့ ၁ ဆက်မြောက် ၂ ဆက်မြောက် ၃ ဆက်မြောက် မျိုးဆက်တွေရဲ့ ပုံပြင်တွေကို ဆက်လက်လက်ဆင့်ကမ်းခဲ့ပေမယ့် လက်ရှိ ၇ ဆက် မြောက်မျိုးဆက်ဟာ သူတို့ရဲ့ ဘိုးဘွားဘီဘင်တွေထံကနေ တိုက်ရိုက် ကြားနာခွင့်ရတဲ့ နောက်ဆုံးမျိုးဆက်လို့ ဆိုနိုင်တယ်လို့ ဆရာပနာပတ်ကပြောပါတယ်။
ဒေါ်တင်ထွေးတို့ဟာ သူတို့ရွာကနေ ၆ မိုင်ကျော်အထက် သွားကြဖို့ အခွင့်အရေးနည်းပါးကြသူတွေဖြစ်ပြီး အယုဒ္ဓယကိုလာရောက်ရတာဟာ သူတို့ရဲ့အိမ်မက်ထက် ပိုတယ်လို့ ဆိုပါတယ်။ အယုဒ္ဓယရဲ့မျိုးဆက်တွေကို တွေ့ကြုံခံစားစေလိုတာကြောင်း ခရီးစဉ်အစီအစဉ်ဖြစ်ပေါ်ခဲ့တာလို့ ဆရာပနာပတ်ကပြောပါတယ်။
အဘွား ဒေါ်တင်ထွေးက သူမရဲ့ ဘိုးဘွားတွေ အသက်ရှင်စဉ်အခါက “ ငါတို့ဟာ အယုဒ္ဓယက ဆင်းသက်လာသူတွေဖြစ်တယ်။ ငါတို့ရဲ့ ရိုးရာဓလေ့ကတော့ ဆုန်ခရမ်(သင်္ကြန်ပွဲတော်)ချိန်မှာ သဲပုံစေတီ တစ်ခု တည်ဆောက်ဖို့ပဲ” လို့ ပြောပြခဲ့တယ်လို့ ဆိုပါတယ်။
အဘွား ဒေါ်တင်ထွေးက အလွန်စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေပါတယ်။ သူမ မှတ်မိနိုင်တဲ့ ထိုင်းစကားလုံး အနည်းငယ်ကို ပြောကြားခဲ့ပါတယ်။
ခနုံ (မုန့်ပဲသရေစာ)၊ ကလွိုင်း(ငှက်ပျောသီး)၊ ဒီ(ကောင်းသည်)၊ နမ့်အွိုင် (ကြံရည်) တို့ ဖြစ်ပါတယ်။
နခွန်ရတ်ချစီမာခရိုင်က အသက်၃၈ နှစ်အရွယ် ချောက်ဝီဝတ်ကလည်း အဘွား ဒေါ်တင်ထွေးလာရောက်မှာ သိရှိတဲ့အတွက် ကိုယ်တိုင်လာရောက် ကြိုဆိုချင်တယ်လို့ ခံစားချက်ကို မျှဝေခဲ့ပါတယ်။
၁၇၆၇ ခုနှစ်တွင် အယုဒ္ဓယ ကျဆုံးချိန်မှာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတဲ့ သမိုင်းကို ခြေရာခံထားတဲ့ Yodia – ယိုးဒယား (မြန်မာလူမျိုးများက အယုဒ္ဓယ ကို ရည်ညွှန်း) မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုခဲ့ပြီးနောက် သူကိုယ်တိုင် လာရောက်ချင်တယ်လို့ပြောပါတယ်။
အဘွား ဒေါ်တင်ထွေးဟာ အယုဒ္ဓယက ဆင်းသက်တဲ့ ၇ ဆက်မြောက် မျိုးဆက်ဖြစ်ပါတယ်။
အချို့ မျိုးဆက်တွေ အိမ်ထောင်ပြုတာတွေ ရှိနိုင်သော်လည်း ဒေါ်တင်ထွေးဟာ အယုဒ္ဓယအမွေအနှစ်ကို ထိန်းသိမ်းဖို့ ရွာရဲ့ စည်းကမ်းချက်ကို ဆက်လက်လိုက်နာပြီး သူမရဲ့ သားသမီးတွေနဲ့ မြေးတွေကို ပြင်ပလူတွေနဲ့ လက်ထပ်ခြင်း မပြုဖို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှတော့ အဘွား ဒေါ်တင်ထွေး ကိုယ်တိုင် တစ်ကိုယ်တည်း နေထိုင်သူဖြစ်ပါတယ်။
သမိုင်းပညာရှင် ဆရာပနာပတ်ရဲ့ ဒေါ်တင်ထွေး တို့ကို အလည်အပတ်ခေါ်ခဲ့တဲ့ အစီအစဉ်ဟာ
အယုဒ္ဓယက ဆင်းသက်လာသူတွေကို မှတ်မိစေဖို့နဲ့ နေရပ်ပြန်လာခွင့်ပြုဖို့ စဉ်းစားခဲ့တဲ့ ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခု ဖြစ်စေခဲ့ပါတယ်။
မှတ်ချက်။ ။ ထိုင်း Khaosod သတင်းဌာန English ပိုင်းရဲ့ ปลื้มน้ำตาไหล กลับแผ่นดินบรรพบุรุษ သတင်းကို ဘာသာပြန်ထားတာဖြစ်ပါတယ်။
