Migrant Times Blog သတင်း မြန်မာအမျိုးသမီး ၁ ဦး စက်ညှပ်မိပြီး လက်ဖြတ်လိုက်ရသော်လည်း လျော်ကြေးမရ
သတင်း အလုပ်သမား သတင်း

မြန်မာအမျိုးသမီး ၁ ဦး စက်ညှပ်မိပြီး လက်ဖြတ်လိုက်ရသော်လည်း လျော်ကြေးမရ

အောက်တိုဘာ ၂၂ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ခိုလမြို့ရှိ အိုင်ဖစ်ရေသန့်စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား မဝင်းဝင်းအေးသည် လုပ်ငန်းခွင်တွင် စက်ညှပ်မိပြီး ညာဘက်လက် တံတောင်ဆစ်အပေါ်မှ ဖြတ်လိုက်ရသော်လည်း လျော်ကြေးမရသည့်အတွက် ကူညီမှုပေးနေကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှထုတ်ပြန်သည်။
မဝင်းဝင်းအေးသည်ပြီးခဲ့သည့်  ဇွန်လ ၂ ရက်နေ့တွင်လုပ်ငန်းခွင်အတွင်း ရေသန့်ကိုင်သည့် စက်လည်ပြီး ညာဘက်လက်နှင့်ဆံပင်များညှပ်ပါသွားခဲ့ရာမှ ခိုလမြို့ရှိ မဟာလဆေးရုံတွင် ဆေးကုသမှုခံနေပြီး ညဘက်လက် တံတောင်ဆစ်အပေါ်မှဖြတ်ခဲ့ရခြင်းဖြစ်သည်။
သူမသည် ထိုစက်ရုံတွင် အလုပ်နေသည်မှာ ၁ နှစ်ကျော်ရှိပြီ ဖြစ်ပြီး ညာဘက်လက်ဆုံးရှုံးသွားသည့်အတွက် နစ်နာ‌ကြေးရရှိရန် အောက်တိုဘာ ၂၁ ရက်နေ့တွင် WAG အဖွဲ့ထံ အကူညီ‌တောင်းခဲ့ကြောင်း သိရသည်။
“လက်ရှိကတော့ သူကိုတော့ သူဌေးက ပကန်(လူမှုဖူလုံရေးအာမခံ)တင်ထားတယ်ပေါ့ အလုပ်သမားက ဒီလိုပဲသိတယ်။ကျွန်တော်တို့ မနေ့ကတော့ ပကန်ရုံးကိုသွားတယ်။ဒီအလုပ်သမားတစ်ယောက် လက်ဖြတ်တယ် ။ဒါပဲပြီးသွားပြီ၊ စာရွက်စာတမ်းဆက်လက်လုပ်ဆောင်မပေးဘူး။ဒီအလုပ်သမားကို ပကန်ကြေးတော့ဖြတ်တယ်။ ပကန်ကို သူကသွားမသွင်းတာ အဲ့လိုမျိုးပုံစံတွေလုပ်ထားတာပေါ့ ။ ကျွန်တော်တို့ကတော့ ဆေးရုံစာရွက်စာတမ်းတွေ အချက်အလက်တွေစုနေပြီ ၊ ပြီးမှ ပကန်စခွန်ရုံးကိုသွားတင်မယ်။အမှုကတော့ ရင်ဆိုင်ရဖို့ရှိတယ်” ဟု WAG အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။
နစ်နာခဲ့သူ အမျိုးသမီးကလည်း
“အခုကတော့ အဆင်ပြေနေပြီပေါ့နော်၊ ကိုမုန်တိုင်းတို့အဖွဲ့က ကူညီပေးထားတယ်ဆိုတော့ နေဖို့ရော စားဖို့ရောပေးထားတယ်ဆိုတော့ ညီမအတွက်ကတော့ အဆင်ပြေနေပါပြီ။ ကျန်တဲ့ ကိစ္စတွေကတော့ ဘာဖြစ်မယ်မသိသေးဘူး”ဟု  Migrant Times ကိုပြောသည်။
မဝင်းဝင်းအေးနည်းတူ ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အလုပ်သမား ၄ ဦးသည် လုပ်ငန်းခွင့် ထိခိုက်မှုကြောင့် ခြေလက်အင်္ဂါ အချို့ဆုံးရှုံးခဲ့ပြီး ၎င်းတို့အား နစ်နာကြေးရရန် အကူအညီပေးနေကြောင်း WAG အဖွဲ့ကထုတ်ပြန်ထားသည်။
Photo – WAG
Exit mobile version