အောက်တိုဘာ ၂၇ ၊ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် မယ်ရမက်မြို့နယ်တွင် နယ်စပ်မှ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၆၄ ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း naresuan task force ကထုတ်ပြန်သည်။
ယနေ့ နံနက်တွင် မယ်ရမက်မြို့နယ်၊ နမ်ဒစ်ဘွန်ဝမ်ရွာအနီး၌ တပ်ရင်း (၃၅) အထူးတပ်ဖွဲ့မှ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းကာ ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်နေစဉ် မြန်မာအမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၆၄ ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
မြန်မာနိုင်ငံသားများနှင့်အတူ ခိုးဝင်ရန်အကူအညီပေးသူ ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။
သက်သေခံပစ္စည်းများအဖြစ် ကားတစ်စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းခဲ့ပြီး မြန်မာနိုင်ငံသားများနှင့် အကူအညီပေးသူ ၃ ဦးအား ဥပဒေအရ အရေးယူရန် မယ်ရမက်မြို့နယ် ရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း ထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ညတွင်လည်း မဲဆောက်မြို့နယ်၊ မယ်ပ ကျေးရွာအုပ်စု၊ ဝမ်ကဲဝ်ကျေးရွာ၌ ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်မှတရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၈၉ ဦးအား နယ်ခြားစောင့်တပ်များက ဖမ်းဆီးခဲ့သည်။
အလားတူ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထောင်းဖာဖုမ်မြို့နယ်ရှိတောအုပ်တခုထဲ၌ နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၆၂ ဦးအား နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့သည်။
ထိုင်းသတင်းများ ဖော်ပြချက်အရ အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၂၇ ရက်အထိနယ်စပ်မှ ခိုးဝင်ရောက်သည့် မြန်မာနိုင်ငံသား ၆ဝဝ ဦးထက်မနည်း ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ထိုင်းနိုင်ငံတွင် အောက်တိုဘာလ ၁၅ ရက်နေ့က စတင်လိုက်သည့် တရားမဝင်သည့် ရွှေ့ပြောင်းအလုပ်သမားများအား ဘတ်(ခေါ်)ပန်းရောက်ကတ် နေထိုင်လုပ်ကိုင်ခွင့် (Work Permit) အသစ် ပြုလုပ်ပေးခြင်းလုပ်ငန်းစဉ်ကို ယာယီရွှေ့ဆိုင်းထားသည်။
ဘတ်ယာယီပိတ်ထားချိန်တွင် ထိုင်းသို့လာရောက်မည့် မြန်မာလူငယ်များအနေဖြင့် သတင်းအချက်အလက်များကို သေချာစုံစမ်းပြီးမှ လာရောက်ကြရန်လိုကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးလုပ်ဆောင်သူအချို့က Migrant Times ကိုသတိပေးပြောကြားထားသည်။
Photo – naresuan task force
