Migrant Times Blog သတင်း ထိုင်းတွင် မြန်မာအလုပ်သမား ၆၂ ဦး လုပ်အားခ မရသည့်အပြင် အလုပ်ထုတ်ခံရ
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် မြန်မာအလုပ်သမား ၆၂ ဦး လုပ်အားခ မရသည့်အပြင် အလုပ်ထုတ်ခံရ

အောက်တိုဘာ ၂၈ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ စီလချာမြို့အတွင်းရှိ ရေပူရေအေးခွက်စက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၆၂ ဦးကို စက်ရုံမှ လုပ်အားခ ၁ လစာမပေးသည့်အပြင် အလုပ်မှထုတ်ခဲ့ကြောင်း ကူညီပေးနေသည့် WAG အဖွဲ့က ထုတ်ပြန်သည်။

မြန်မာအလုပ်သမားများသည် ၄င်းစက်ရုံတွင် ၃ လမှ ၆ လကျော်ခန့် အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီးအလုပ်ဝင်ရန် ချွန်ပူလီဘောဝင်းတွင်းရှိ ဘတ်ငါးသန်း အေဂျင်စီအား အလုပ်ဝင်ခ စမတ်ကြေး ဘတ် ၈,၀၀၀ နှင့် ကျန့်ခေါက်ခ(သူဌေးပြောင်းခ) ဘတ် ၄,၅၀၀ ပေးခဲ့ရသူများဖြစ်ကြောင်း သိရသည်။

“ဒီအလုပ်သမားတွေကို စက်ရုံကတော့ ဖြုတ်လိုက်တယ်။ ငါးသန်းလက်အောက်က တစ်ဆင့်ခံ သွားထားတာ ငါးသန်းက ဒီအလုပ်သမားတွေကို စာချုပ်ချုပ်ထားတာဆိုတော့ ငါးသန်းက အလုပ်မဖြုတ်သေးတော့ လျော်ကြေးအပိုင်းကိုတော့ လုပ်လို့မရသေးဘူး။ကျန့်ခေါက်ကြေးတွေပြန်ပေးမယ် အကုန်လုံးသူတို့ကျန်တာဝင်ယူပေးမယ်ပေါ့နော်” ဟု WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။

မြန်မာအလုပ်သမားများသည် ၄င်းစက်ရုံတွင် စက်တင်ဘာလ ၅ ရက်နေ့မှ အောက်တိုဘာလ ၅ ရက်နေ့ အထိ လုပ်အားခ ၁ လစာကိုမရရှိခဲ့ပဲ စက်ရုံအလုပ်ရှင်သူဌေးက အောက်တိုဘာလ ၁၆ ရက်နေ့တွင် အလုပ်ထုတ်ခဲ့သည့်အတွက် အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။

Photo – WAG

Exit mobile version