အောက်တိုဘာ ၂၈ ၊ Migrant Times ။
ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်များကို လုပ်ကိုင်နေသည့် နိုင်ငံခြားသားလုပ်သားများနှင့် နိုမီနီ (Nominee) အမည်ခံအေးဂျင့် ပုံစံဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများကို စစ်ဆေး အရေးယူမည်ဖြစ်ကြောင်း အလုပ်အကိုင်ရှာဖွေရေးဌာန(DOE)ကထုတ်ပြန်သည်။
နိုင်ငံခြားသားများသည် နိုမီနီ (Nominee) အမည်ခံအေးဂျင့်များ၏ ကိုယ်စားလှယ်အဖြစ် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြပြီး ကားငှားခြင်း၊ ခရီးသွားလုပ်ငန်း၀န်ဆောင်မှုပေးခြင်းများ အား
လုပ်ကိုင်နေသည်ဟု ထုတ်ပြန်သည်။
၎င်းတို့သည် နယ်ပယ်အသီးသီးတွင် ထိုင်းနိုင်ငံသားများနှင့်ထပ်တူ တရားဝင်ယှဉ်ပြိုင်လုပ်ကိုင်နေပြီး ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များကို ထိခိုက်စေသည့်သတင်းများထွက်ပေါ်နေကြောင်း DOE ညွှန်ကြားရေးမှူးချုပ် မစ္စတာဖိချက် ထောင်ဖန်က ပြောကြားသည်။
စစ်ဆေးမှုများအား ဘန်ကောက်နှင့် အနီးတစ်ဝိုက်၊ ဖူးခက်၊ ချင်းမိုင်၊ ကော့စမွီနှင့် ပတ္တရားအပါအဝင် တစ်နိုင်ငံလုံးရှိ ပြည်နယ်များတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း DOE ကထုတ်ပြန်သည်။
ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားသားများသည် သင့်လျော်သော မှတ်ပုံတင်စာရွက် စာတမ်းများနှင့် အလုပ်လုပ်ခွင့်လက်မှတ်များ ရှိရမည်ဖြစ်ကြောင်း၊သတ်မှတ်ထားသည့် တရားဝင် အလုပ်များသာ လုပ်ရမည် ဖြစ်ကြောင်း DOE ညွှန်ကြားရေးမှူးချုပ် ကဆက်ပြောသည်။
အလုပ် လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ခြင်း၊ ထိုင်းနိုင်ငံသားများအတွက် ကန့်သတ်ထားသည့် အလုပ်များတွင် လုပ်ကိုင်ပါက အလုပ်လုပ်သော နိုင်ငံခြားသားများအား ဒဏ်ငွေ ၅,၀၀၀ မှ ၅၀,၀၀၀ အထိကောက်ခံမည်ဖြစ်ပြီး မူလနိုင်ငံသို့ နှင်ထုတ်ခြင်းခံရမည်ဖြစ်ကြောင်း DOE ကထုတ်ပြန်သည်။
ထို့ပြင် ပြစ်ဒဏ်ချမှတ်သည့်နေ့မှစ၍ နှစ်နှစ်ကြာ အလုပ်လုပ်ခွင့်လက်မှတ် လျှောက်ထားခြင်းကို ပိတ်ပင်ခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
ထပ်မံကျူးလွန်သူများအား ထောင်ဒဏ်တစ်နှစ်အထိချမှတ်နိုင်ပြီး အလုပ်ခန့်ထားသော နိုင်ငံခြားသား လုပ်ငန်းရှင်တစ်ဦးလျှင် ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ဒဏ်ငွေချမှတ်ခံရနိုင်သလို နိုင်ငံခြားသားများကို သုံးနှစ်ကြာ အလုပ်ခန့်ထားခြင်းကို ပိတ်ပင်ခြင်းခံရနိုင်ကြောင်း DOE ကထုတ်ပြန်သည်။
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများပြုလုပ်ခွင့်မရှိသည့်လုပ်ငန်းများမှာ သစ်သားပန်းပုလုပ်ငန်း ၊ ယာဉ်မောင်းလုပ်ငန်း၊ လေလံတင်အရောင်းအဝယ်လုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ ဆံပင်ညှပ် အလှပြင်လုပ်ငန်းများအပါအဝင် ကန့်သတ်ထားသည့် အလုပ်အကိုင် ၂၇ မျိုးရှိသည်။
ဓာတ်ပုံ – မြန်မာအလုပ်သမားများ။ (ပုံဟောင်း)

