Migrant Times Blog သတင်း ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားဦးရေ ၇ သောင်းခန့် တိုးလာ
သတင်း

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားဦးရေ ၇ သောင်းခန့် တိုးလာ

အောက်တိုဘာ ၂၉ ၊ Migrant Times ။

ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်အရေးအခင်းများဖြစ်ပွားပြီးနောက်ပိုင်း ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားဦးရေ တိုးလာကြောင်း ထိုင်းကုန်သွယ်မှုနှင့်စက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (Econ Thai)က ပြောသည်။

Econ Thai စာရင်းအရ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ရွှေ့ပြောင်းအလုပ်သမား အရေအတွက် ၇၀,၀၀၀ ခန့် (၂၃ %) တိုးလာခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့တွင် ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံနယ်စပ် ပဋိပက္ခ ပိုမိုကြီးထွားလာပြီးနောက် ကမ္ဘောဒီးယားအလုပ်သမားများစွာသည် ၎င်းတို့၏ ဇာတိနိုင်ငံသို့ ပြန်သွားခဲ့ကြသည်။

ကမ္ဘောဒီးယားအလုပ်သမားများသည် ပရာချင်းဘူရီ (Prachin Buri) ပြည်နယ်တစ်ဝှမ်းရှိ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် စက်ရုံအလုပ်များတွင် အများဆုံး အလုပ်လုပ်ကိုင်ခဲ့ကြသည်။

“ အလုပ်ရှင်တွေက အစပိုင်းမှာ ကမ္ဘောဒီးယား အလုပ်သမားရှားပါးမှုအတွက် စိုးရိမ်ခဲ့ကြပေမယ့် အခြေအနေက ပြောင်းလဲသွားပါပြီ။ သူတို့ စိတ်မပူတော့ပါဘူး” ဟု Econ Thai ၏ ဒုတိယဥက္ကဋ္ဌ Tanit Sorat ကပြောကြားသည်။

ကမ္ဘောဒီးယားအလုပ်သမားများနေရပ်ပြန်သွားပြီးနောက် ရေတိုအလုပ်သမားပြတ်လပ်မှုကို ဖြေရှင်းရန်အတွက် ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့်များကို ခြောက်လ သက်တမ်းတိုးပေးရန်ထိုင်းကက်ဘိနက်အဖွဲ့က ယခင်က အတည်ပြုခဲ့သည်။ ခြောက်လ သက်တမ်းပြီးပါက အရည်အချင်းပြည့်မီသော ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်လုပ်ခွင့်ပြုမိန့်များကို နောက်ထပ် နှစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်သည်ဟုထုတ်ပြန်ခဲ့သည်။

အခြားနိုင်ငံများမှ အလုပ်သမားများကို ဆွဲဆောင်ရန်အတွက် အလုပ်ရှင်များသည် လုပ်ခလစာများ တိုးမြှင့်ပေးခြင်း နှင့် အချိန်ပိုလုပ်ခများ တိုးမြှင့်ပေးခဲ့ကြောင်း Tanit က ပြောကြားသည်။

ထိုင်းအစိုးရသည် ကမ္ဘောဒီးယားအလုပ်သမားများနေရာတွင် အစားထိုးရန်အတွက် သီရိလင်္ကာနိုင်ငံသား အလုပ်သမား ၁၀,၀၀၀ ကို ခေါ်ယူရန်နှင့် ၎င်းအရေအတွက်ကို နောက်ထပ် ၃၀,၀၀၀ အထိ တိုးမြှင့်နိုင်ခြေရှိကြောင်း သီရိလင်္ကာနှင့် နားလည်မှုစာချွန်လွှာ (MoU) ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း Econ Thai ကဆိုသည်။

ထိုင်းအာဏာပိုင်များသည် အလုပ်သမားရှားပါးမှုကို ကာကွယ်ရန်အတွက် လက်ရှိ ထိုင်းနိုင်ငံတွင် နေထိုင်နေသော ဒုက္ခသည်များအပါအဝင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများကို ထပ်မံခေါ်ယူရန် စီစဉ်နေကြောင်း ဖော်ပြသည်။

Econ Thai ၏ အဆိုအရ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ၄ သန်းနီးပါးရှိပြီး ၈၀ ရာခိုင်နူန်းခန့်မှာ မြန်မာနိုင်ငံမှဖြစ်ကာ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အလုပ်သမားများလည်းပါဝင်သည်။

ဘန်ကောက်နှင့် ဖနွမ်းပင်တို့ကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ (MoU) အရ ခေါ်ယူထားသော ကမ္ဘောဒီးယားအလုပ်သမား အရေအတွက်သည် ၂၀,၀၀၀ မှ ၃၀,၀၀၀ ဦး အထိ လျော့ကျသွားခဲ့သည်။

“ ဇာတိနိုင်ငံကို ပြန်သွားတဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေထဲမှာ တရားဝင်ရော တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေပါ ပါတယ်” ဟု Tanit က ပြောကြားသည်။

Ref / Photo – Bangkok Post

Exit mobile version