နိုဝင်ဘာ ၁၁ ၊ Migrant Times ။
– ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ (Temporary Data Collection Center – TDCC) ကို နိုဝင်ဘာလ ၁၅ ရက်ကစပြီး ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ အခြေစိုက် အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။ ကိုယ်ရေးနောက်ကြောင်းစိစစ်ပြီး၍ နိုင်ငံကူး လက်မှတ်ထုတ်ယူရန် ကျန်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် နိုင်ငံကူး လက်မှတ်များကို နိုဝင်ဘာလ ၁၅ ရက်နေ့ မတိုင်မီ လာရောက်ထုတ်ယူနိုင်ရန် အသိပေးထားသည်။
– ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသား ၉၀ ဦး အား ယမန်နေ့၊ နိုဝင်ဘာလ ၁ဝ ရက်နေ့၌ ရနောင်း အကောက်ခွန် ဆိပ်ခံတံတားမှတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့ကလည်း မြန်မာနိုင်ငံသား ၄၇ ဦးကို
လွှဲပြောင်းခဲ့သည်။
– ထိုင်းနိုင်ငံတွင်းရှိ မြန်မာ၊ လာအို ၊ ဗီယက်နမ်နိုင်ငံသား အလုပ်သမားများအား သက်တမ်းတိုးပေးရန် အရှိန်မြှင့်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနဝန်ကြီး မစ္စထရီနွတ်ချ် ထီယန်ထောင်း ကယနေ့ပြောကြားသည်။ ထိုင်းနိုင်ငံရှိ ကမ္ဘောဒီးယားလုပ်သား ၉ဝ,ဝဝဝ ခန့်မှာ တရားဝင်ဖြစ်သော်လည်း နေထိုင်လုပ်ကိုင်ခွင့်သက်တမ်းကုန်နေပြီ ဖြစ်ပြီး ၎င်းတို့နေရာတွင် အစားထိုးရန်အလုပ်သမားများရှာဖွေမည်ဖြစ်ကြောင်း သိရသည်။
– ထိုင်းနိုင်ငံ ချွန်ပူလီခရိုင် လယောင်မြို့ရှိ ကားတာယာစက်ရုံတစ်ခုတွင် အလုပ်လုပ်နေသောမြန်မာအလုပ်သမား ကိုအောင်ကိုဝင်းသည် မတော်တဆထိခိုက်မှုဖြစ်ပြီး ဘယ်ဘက်လက် လက်ကောက်ဝတ်အထိ ဖျက်ပစ်လိုက်ရသည်။၎င်း၏ နစ်နာကြေးပြန်လည်ရရှိရန်ဆောင်ရွက်ပေးခဲ့ရာ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပကန်စခွန် လူမှုဖူလုံးရေးဌာန မှပေးသည့် နစ်နာကြေး ဘတ် ၈၃၁, ဝဝဝ ရရှိခဲ့ကြောင်း ကူညီပေးခဲ့သည့် WAG အဖွဲ့ကထုတ်ပြန်သည်။
– ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဆာရာဖီရပ်ကွက်ရှိ ဇိမ်ခံအိမ်တစ်လုံးတွင် ဖုန်းအလုံး ၂ဝဝ နီးပါးအသုံးပြုကာ နေ့စဉ်ဘတ် ၄ဝဝ,ဝဝဝ ခန့် ဝင်ငွေရှာနေသည့် တရုတ်ကောစင်တာဂိုဏ်းကို လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ဖော်ပြသည်။ရဲတပ်ဖွဲ့က နေ့စဉ် ဘတ်ငွေ ၄၀၀,၀၀၀ ကျော် လွှဲပြောင်းနေသည့် ထိုင်းဘဏ်စာအုပ် ၂၀၀ ကျော်၊ ငွေလွှဲလက်ခံရန် အသုံးပြုသည့် မိုဘိုင်းဖုန်း ၁၇၄ လုံး၊ ATM ကတ် ၇၃ ခု နှင့် ကွန်ပျူတာ ၂ လုံးတို့ကိုကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး တရုတ်လူမျိုး ၂ ဦးနှင့် အိမ်စောင့်တစ်ဦးတို့ကို ဖမ်းမိခဲ့သည်။

