နိုဝင်ဘာ ၁၅ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင် ၊ ဖက်ဖဒဲ့မြို့နယ် Singa Food ကုမ္ပဏီတွင် အလုပ်ဖြုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၂ဝ၂ ဦး၏ နစ်နာကြေးများပြန်လည်ရရှိခဲ့ကြောင်း စက်ရုံမှ အလုပ်သမား ၁ ဦးက Migrant Times ကိုပြောကြားသည်။
မြန်မာအလုပ်သမား ၂ဝ၂ ဦးအား နေ့စားအလုပ်သမားအဖြစ်မှ ပုပ်ပြတ်အလုပ်သမားအဖြစ်သို့ ကုမ္ပဏီဘက်က ပြောင်းလဲသတ်မှတ်ခဲ့ပြီး လုပ်အားခများကန့်သတ်ခဲ့ကြောင်း ၎င်းကပြောသည်။
“ကျနော်တို့ ညှိကြည့်သေးတယ် ဘယ်လိုမှညှိလို့မရဘူး၊ နေ့စားလည်း ဘယ်လိုမှပြန်မခိုင်းတော့ဘူး၊ ပုပ်ပြတ်ပဲ လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင်ထွက် အဲ့ဒါကြောင့်ကျနော်တို့ အလုပ်သမားအဖွဲ့အစည်းတွေစီ အကူညီတောင်းဖြစ်တာ”ဟု စက်ရုံမှ အလုပ်သမား ကိုလီရိုကပြောသည်။
မြန်မာအလုပ်သမားများက ဆက်သွယ်အကူညီတောင်းခံမှုကြောင့် နိုဝင်ဘာ ၁၄ ရက်နေ့တွင် မြို့နယ် စဝါဒီကန်ရုံးနှင့် ချိတ်ဆက်ပြီး ကူညီဖြေရှင်းပေးခဲ့ကြောင်း WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက ပြောကြားသည်။
“သူဌေးတွေဖက်က မှားသလို တချို့အရာတွေမှာ အလုပ်သမားတွေဖက်က မှားတာတွေလဲရှိတယ်ပေါ့နော်….. စကားပြန်တာ လွဲပြီးတော့ အလုပ်သမားတွေကလဲ စိတ်ဆိုးပြီး အလုပ်မဆင်းတဲ့အပိုင်းဖြစ်သွားတယ် …. ကြားထဲမှာကျနော်တို့ WAG အဖွဲ့က ညှိနှိုင်းပြီး အလုပ်သမားတွေအတွက်နစ်နာကြေး ၅၀၀၀ ပေးမယ်ဆိုတဲ့အပေါ် မှာ ၆၅၀၀ ရအောင် တောင်းပေးခဲ့တယ်။ ပြီးတော့ စာရွက်စာတန်းဗီဇာ တော်ထားတဲ့ သူတွေကိုလဲ ဆက်လက်လုပ်ပေးဖို့နဲ့ စုငွေထည့်ဝင်ထားတာတွေကိုလဲ ပြန်ပေးဖို့ ညှိနှိုင်းပြီး နှစ်ဖက်သဘောတူညီမှုရအောင်လုပ်ပေးခဲ့တယ်”ဟုကိုမုန်တိုင်းက ပြောသည်။
မြို့နယ်ဆဝါဒီကန်ရုံးတွင် ညှိနှိုင်းချက်အရ မြန်မာ အလုပ်သမား စုစုပေါင်း ၂ဝ၂ ဦး၏နစ်နာကြေးအဖြစ်စက်ရုံဘက်မှ အလုပ်သမား(၁)ဦးကို လျော်ကြေး ဘတ် ၆၅ဝဝ ပေးခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။ စုငွေ နှင့် လစဉ်အလိုက် ဗီဇာသက်တမ်းတိုးခအပါအဝင် CI စာအုပ်ကုန်ကြငွေနှင့် ကျန်ရှိနေသော နေ့စားလုပ်အားခများကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စက်ရုံရှေ့၌ အလုပ်သမားများကို ပေးဆောင်မည်ဟု စက်ရုံဘက်မှ ပြောဆိုခဲ့ကြောင်းသိရသည်။
မြန်မာအလုပ်သမားများ၏ လုပ်ခနစ်နာကြေးများပြန်ရရန်အတွက် ပညာရေးနှင့်ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း – FED နှင့်ပူပေါင်းဆောင်ရွက်ခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။

