ရွှေလင်ဗန်းစက်မှုဇုန်က အထည်ချုပ်စက်ရုံတစ်ရုံ သင်္ကြန်ပိတ်ရက် လုပ်ခလစာမပေးချင်တာကြောင့် အလုပ်သမား ၄၀၀ကျော်ကို အလုပ်ဖြုတ်တယ်လို့ဆို
မတ် ၁၄ ရက်၊ Migrant Times
- ရန်ကုန် ရွှေလင်ဗန်းစက်မှုဇုန်က အထည်ချုပ်စက်ရုံတစ်ရုံက သင်္ကြန်ပိတ်ရက် လုပ်ခလစာမပေးချင်တာကြောင့် အလုပ်သမား ၄၀၀ကျော်ကို အလုပ်ဖြုတ်ခဲ့တယ်လို့ စက်ရုံအလုပ်သမားများရဲ့ ပြောဆိုချက်အရ သိရပါတယ်။အဆိုပါစက်ရုံဟာ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Fitex(Myanmar) Germent Manufacturing Co.,Ltd အထည်ချုပ်စက်ရုံဖြစ်တယ်လို့ Federation of General Workers Myanmar(FGWM)က ဖော်ပြထားတာဖြစ်ပါတယ်။”မတ်လ ၁၃ရက်နေ့က နေ့လယ်လောက်မှာ လုပ်သက် ၃လ၊ ၆လ မပြည့်သေးတဲ့ အလုပ်သမားတွေကို ပိတ်ပြီဆိုတဲ့အကြောင်း စူပါလီတာတွေကနေ ပြောလာပါတယ်။ စက်ရုံက နိုးတစ်စာလည်းမကပ်ဘဲ အလုပ်ရှင်က သင်္ကြန်ပိတ်ရက်ခ ပေးရမှဆိုတဲ့အတွက် အလုပ်သမား ၄၀၀ကျော်ကို ဖြုတ်ပစ်ခဲ့ပါတယ်၊ ၂၀၂၂ခုနှစ်တုန်းကလည်း သင်္ကြန်ပိတ်ရက်ခမပေးချင်လို့ အခုပုံစံအတိုင်း စက်ရုံပိတ်ခဲ့ပါတယ်”လို့ အဆိုပါစက်ရုံက အလုပ်သမားတစ်ဦးက ပြောဆိုထားပါတယ်။
- အဲဒီအထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်တုန်းကလည်း သင်္ကြန်ပိတ်ရက်ခ မပေးချင်တာကြောင့် အလုပ်ပိတ်ခဲ့သလို လုပ်သက် ၂ လမပြည့်သေးတဲ့ အလုပ်သမားတွေကို ဒေးကြေး ၄၈၀၀ ကျပ်မပေးဘဲ ဖြတ်တောက်ခဲ့ကာ အထည်ကြေးကိုလည်း ရာခိုင်နှုန်းမပြည့်ဘူးလို့ဆိုကာ ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် အဆိုပါစက်ရုံဟာ အလုပ်သမားေတွရဲ့ဆန္ဒမပါဘဲ အိုတီအတင်းအကျပ် ခေါ်ခိုင်းခြင်းများရှိပြီး ကျန်းမာရေးမကောင်းလို့ ပြန်မယ်ဆိုရင်လည်း ခွင့်မပြုခြင်းများရှိကာ အလုပ်တစ်ရက်ပျက်ပါက အလုပ်ဖြုတ်ခြင်းနဲ့ ရိုင်းပျစွာပြောဆိုခြင်းများရှိတယ်လို့ FGWM က ဖော်ပြထားပါတယ်။ရွှေလင်ဗန်းစက်မှုဇုန်ရှိ ဖစ်တက်(မြန်မာ) Fitex(Myanmar) Germent Manufacturing Co.,Ltd အထည်ချုပ်စက်ရုံမှာ လူဦးရေ ၇၀၀ကျော်နဲ့ စက်လိုင်း ၁၀လိုင်းရှိကာ AMISU ကုန်အမှတ်တံဆိပ်ကို အဓိကထားချုပ်လုပ်တဲ့ စက်ရုံလည်းဖြစ်ပါတယ်။