Migrant Times Blog အလုပ်သမား သတင်း ပြည်ပရောက်အလုပ်သမားတွေရဲ့လုပ်ငန်းခွင်ပြဿနာတွေကို ရက် ၃၀ အတွင်း အေဂျင်စီတွေ သွားရောက်ဖြေရှင်းရမယ်လို့ဆို
အလုပ်သမား သတင်း

ပြည်ပရောက်အလုပ်သမားတွေရဲ့လုပ်ငန်းခွင်ပြဿနာတွေကို ရက် ၃၀ အတွင်း အေဂျင်စီတွေ သွားရောက်ဖြေရှင်းရမယ်လို့ဆို

ပြည်ပရောက်အလုပ်သမားတွေရဲ့လုပ်ငန်းခွင်ပြဿနာတွေကို ရက် ၃၀ အတွင်း အေဂျင်စီတွေ သွားရောက်ဖြေရှင်းရမယ်လို့ဆို

ဩဂုတ် ၃၁ ရက်
အရုဏ်ဦး၊ Migrant Times
  • ပြည်ပရောက်အလုပ်သမားတွေ လုပ်ငန်းခွင်မှာ ဖြစ်ပေါ်တဲ့ အခက်အခဲ၊ ပြဿနာတွေကို တာဝန်ယူစေလွှတ်တဲ့အေဂျင်စီတွေက ရက်ပေါင်း ၃၀အတွင်း သွားရောက်ဖြေရှင်းဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးက အသိပေးပြောကြားထားတယ်လို့ အဲဒီဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီတွေအနေနဲ့ စေလွှတ်လိုက်တဲ့ အလုပ်သမားတွေ သက်ဆိုင်ရာနိုင်ငံရှိ လုပ်ငန်းခွင်တွေမှာ အလုပ်ရှင်၊ အလုပ်သမား မပြေလည်မှု၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှု/ သေဆုံးမှုဖြစ်စဉ်​တွေနဲ့စပ်လျဉ်းပြီး ရက်ပေါင်း ၃၀ အတွင်း သွားရောက်ဖြေရှင်း ဆောင်ရွက်ရန်လိုကြောင်း ဝန်ကြီးဦးမြင့်နောင်က မှာကြားထားတာလို့ ဆိုပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)ကတာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
  • အေဂျင်စီတွေအနေနဲ့ အလုပ်သမားရေးရာကိစ္စရပ်​တွေ၊ ပြဿနာ​တွေ၊ ထူးခြားဖြစ်စဉ်တွေ တစ်စုံတစ်ရာပေါ်ပေါက်ရင် သက်ဆိုင်ရာကို သတင်းပို့​ပြီး အချိန်နဲ့တပြေးညီ အလုပ်သမားသံအရာရှိ​တွေနဲ့အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ စေလွှတ်လိုက်တဲ့အလုပ်သမား​တွေ စတင်ထွက်ခွာချိန်မှ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိတဲ့ အချိန်အထိ တာဝန်အပြည့်အဝရှိကြောင်း ဦးမြင့်နောင်က ဆက်လက်ပြောကြားခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ မြေပြင်မှာတော့ အေဂျင်စီတချို့က စေလွှတ်လိုက်ပြီးတဲ့ အလုပ်သမားအပေါ် တာဝန်ယူမှုမရှိလို့ အခက်တွေ့နေရတဲ့ ဖြစ်ရပ်တွေ ရှိနေတယ်လို့ အလုပ်သမားတချို့က ဆိုပါတယ်။
  • ” MoUစနစ်နဲ့ လာပြီးတော့ကို ပြဿနာဖြစ်ရင် အေဂျင်စီတွေက မသိချင်ယောင်ဆောင်နေတာ အများကြီး။ တာဝန်ယူမှုရှိတဲ့ အေဂျင်စီက အနည်းအကျဥ်းပဲ ရှိတယ် ” လို့ ထိုင်းရောက် မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။လက်ရှိမှာ ပြည်ပကို အလုပ်သမားတရားဝင်စေလွှတ်ဖို့ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရယူထားတဲ့ အေဂျင်စီ ၄၅၀ ကျော်ရှိတယ်လို့လည်း သက်ဆိုင်ရာဌာနရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version