Migrant Times Blog အလုပ်သမား သတင်း စေလွှတ်အလုပ်သမားစာရင်းမပို့တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့ အရေးယူခံရ
အလုပ်သမား သတင်း

စေလွှတ်အလုပ်သမားစာရင်းမပို့တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့ အရေးယူခံရ

နိုဝင်ဘာ၂၁ရက်၊အရုဏ်ဦး
စေလွှတ်ထားတဲ့ အလုပ်သမားစာရင်းပေးပို့ဖို့ပျက်ကွက်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့အရေးယူခံနေရတယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းဆီက သိရပါတယ်။
စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ဒီနှစ်လယ်ပိုင်းလောက်ကစပြီး ပြည်ပကိုစေလွှတ်ခဲ့တဲ့ အလုပ်သမားစာရင်းကို လအလိုက်ပေးတောင်းယူနေတာဖြစ်ပြီးမပေးပို့တဲ့ အေဂျင်စီတွေကို အရေးယူတာတွေ ဆက်တိုက်လုပ်နေတယ်လို့ဆိုပါတယ်။
“တချို့က အကြောင်းအမျိုးမျိုးကြောင့်စာရင်းမပို့နိူင်ဘူး။လိုင်စင်ယူထားပြီးလုပ်ငန်းလည်ပတ်မူမရှိတဲ့အေဂျင်စီတွေလည်းရှိတယ်။အဓိကအဲဒီလိုအေဂျင်စီတွေအရေးယူခံရလေ့ရှိတယ်”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အောက်တိုဘာလမှာ စေလွှတ်တဲ့ အလုပ်သမားစာရင်းပေးပို့ဖို့ပျက်ကွက်တဲ့ အေဂျင်စီ ၃၀ ကျော်ရှိပြီး အရေးယူခံရတဲ့အခြေအနေကိုတော့သက်ဆိုင်ရာဌာနက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စာရင်းပေးပို့ဖို့ပျက်ကွက်တဲ့ အေဂျင်စီတွေကို ဒဏ်ကြေးကောက်တဲ့အပြင် အလုပ်ခေါ်စာအသစ်တင်ခွင့်ကိုပါ ဆိုင်းငံ့အရေးယူနေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အေဂျင်စီတွေအနေနဲ့ စေလွှတ်အလုပ်သမားစာရင်းအပြင် အဲဒီအလုပ်သမားတွေရဲ့လအလိုက် မိသားစုဆီလွှဲပို့ငွေအထောက်အထားကိုပါ တင်ပြနေရတာဖြစ်ပါတယ်။
ဒါကြောင့် စေလွှတ်ဦးရေနဲ့အညီ ငွေလွှဲပို့တဲ့စာရင်းကွာဟမှုတွေကြောင့် အေဂျင်စီတွေအခက်တွေ့နေရတယ်လို့လည်း အဲဒီလုပ်ငန်းအသိုင်းဝိုင်းက ဆိုပါတယ်။
“စာရင်းမကိုက်ရင်လည်းပြဿနာ၊ လုပ်ရတာလည်းတဖြေးဖြေးကျပ်လာတော့စိတ်ပျက်နေကြပြီ”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ပြည်ပကိုအလုပ်သမားစေလွှတ်ခွင့်လိုင်စင်ရယူထားတဲ့အေဂျင်စီ ၆၀၀ နီးပါးအထိရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version