Migrant Times Blog နေပြည်တော်က ရေဘေးသင့်အလုပ်သမား ၁၀၀၀နီးပါးကို ထောက်ပံ့ငွေ ပေးမယ်လို့ဆို

နေပြည်တော်က ရေဘေးသင့်အလုပ်သမား ၁၀၀၀နီးပါးကို ထောက်ပံ့ငွေ ပေးမယ်လို့ဆို

ဇန်နဝါရီ ၁၁ရက်၊ အရုဏ်ဦး
နေပြည်တော်ကောင်စီနယ်မြေအတွင်းက ရေဘေးသင့်ခဲ့တဲ့ လူမှုဖူလုံရေးအာမခံလုပ်သား ၁,၀၀၀ နီးပါးအတွက် ထောက်ပံ့ငွေအကျိုးခံစားခွင့်ထုတ်ပေးသွားမယ်လို့ စစ်ကောင်စီခန့်အလုပ်သမားဝန်ကြီးဦးမြင့်နောင်က ပြောပါတယ်။
ပြီးခဲ့တဲ့မိုးတွင်းက ရာဂီတိုင်ဖုန်းမုန်တိုင်းအရှိန်ကြောင့် စက်ရုံများပိတ်သိမ်းခဲ့ရတာကြောင့် အဲဒီစက်ရုံတွေမှာ လုပ်ကိုင်နေတဲ့အာမခံအလုပ်သမားတွေကို ထောက်ပံ့ငွေ ၄၀ရာခိုင်နူန်းထုတ်ပေးသွားမှာလို့ ဆိုပါတယ်။
အဲဒီ ထောက်ပံ့ငွေအကျိုးခံစားခွင့်ရှိတဲ့အလုပ်သမား ၉၇၁ဦးရှိပြီး ကျပ် ၇၁သန်းကျော် ထုတ်ပေးသွားဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ရာဂီတိုင်ဖုန်းမုန်တိုင်းရဲ့အရှိန်ကြောင့် နိုင်ငံတဝန်းရေကြီးနစ်မြုပ်တာတွေ ဆိုးရွားစွာဖြစ်ပေါ်ခဲ့ပေမယ့် လက်ရှိမှာ နေပြည်တော်​က စက်ရုံလုပ်သားတွေကိုပဲ ထောက်ပံ့ငွေထုတ်ပေးတာလည်းဖြစ်ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ လူမှုဖူလုံရေးအာမခံလုပ်သား ၂၇,၀၀၀ကျော်ရှိပြီး အလုပ်သမား ၉၇၁ကပဲ အဲဒီထောက်ပံ့ငွေခံစားခွင့်ပြုတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူမှုဖူလုံရေးအာမခံလုပ်သား ၁ဒဿမ၂သန်းကျော်ရှိပြီး ကျန်းမာရေးအတွက် ကုသမှုခံယူဖို့ အခက်အခဲတွေရှိတယ်ဆိုကာဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
လူမှုဖူလုံရေးအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့အရပ်သားအစိုးရလက်ထက်က ကိုဗစ်ကာလမှာ အာမခံလုပ်သားတွေကို အလားတူထောက်ပံ့ငွေထုတ်ပေးခဲ့တဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ ရေကြီးရေလျှံမှုများကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားစဉ်။ဓာတ်ပုံ – MSFD

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version