Migrant Times Blog အလုပ်သမား သတင်း မြန်မာရေလုပ်သားတစ်ဦး မြုံးလှေပေါ်က ပြုတ်ကျလို့ ရှာဖွေနေ
အလုပ်သမား သတင်း

မြန်မာရေလုပ်သားတစ်ဦး မြုံးလှေပေါ်က ပြုတ်ကျလို့ ရှာဖွေနေ

အောက်တိုဘာ ၈ရက်
မောင်နေ့သစ်၊Migrant Times
ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းနယ်မြေအတွင်းက ကဏာန်းမြုံးလှေမှာ လုပ်ကိုင်နေတဲ့ မြန်မာရေလုပ်သားတစ်ဦး ရေထဲပြုတ်ကျသွားခဲ့ပါတယ်။
ရနောင်းကနေ နန်ယွန်( ကူရဘူရီ)ကို ကမ်းကပ်တဲ့ စက်လှေဖြစ်ပြီး ပင်လယ်အတွင်း ကဏာန်းဖမ်းတဲ့ လှေလို့ သိရပါတယ်။
” ဒီနေ့ ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ယောက် လှေ သားတစ်ယောက် လှေပေါ်ကနေ ကျပြီးတော့ ရေထဲပျောက်သွားတယ်။ ပျောက်ဆုံးနေတဲ့ မြန်မာလှေသားကို ရှာဖွေနေပေမယ့် ရှာလို့မတွေ့သေးဘူး “လို့ အရေးပေါ်ကယ်ဆယ်ရေးဌာနက ကိုအန်ထိုက Migrant Times ကို ပြောပါတယ်။
ကဏာန်းမြုံးထောင်တဲ့ စက်လှေပါ်မှာ မြန်မာရေလုပ်သား ၁၀ ဦးခန့် လုပ်ကိုင်နေပြီး ရေထဲပြုတ်ကျလို့ ပျောက်ဆုံးနေသူအမျိုးသားဟာ ကိုကရင် အသက် ၄၂ အရွယ်ခန့်လို့လည်း သိရပါတယ်။ အဆိုပါ စက်လှေဟာ ဒီနေ့ ပင်လယ်အတွင်းသို့ ဆက်လက်ထွက်ခွာသွားတယ်လို့လည်း သိရပါတယ်။
” တနင်္ဂနွေနေ့ နေ့လယ် ၁၂နာရီခွဲလောက်က ရနောင်းကနေ နန်ယွန်ဘက်ကို ဝင်တဲ့မြုံးလှေက လှေသားတစ်ယောက်ပေါ့၊ ရေထဲပြုတ်ကျတယ်။ သူက တက်တဲ့ရောဂါလည်းရှိတယ်။ အရင်ကတည်းက တက်တဲ့ရောဂါရှိတော့ သူရေချိုးနေတုန်းမှာ ကမ်းမှာ ကပ်ထားတဲ့လှေမှာ ရေချိုးနေတုန်းမှာ ဘေးကချောင်းထဲကို ပြုတ်ကျသွားတာ။ ပြုတ်ကျသွားပြီးတော့ ရှာလို့မတွေ့ဘူး။ အဲဒါနဲ့ လှေသားတွေလည်းရှာတယ်။ ရှာလို့မတွေ့တော့ ကယ်ဆယ်ရေးအဖွဲ့က လူတွေရှာတယ်။ မတွေ့ဘူး။ ရေကလည်း ကြမ်းလာတဲ့အခါကျတော့ အဲဒီနေ့က နားလိုက်တယ်။ သူ ပေါ်တဲ့အချိန်ထိပဲ စောင့်ရတော့မယ်” လို့ စေတနာ့ဝန်ထမ်း မြန်မာတစ်ဦးက Migrant Times ကို ပြောပါတယ်။
အခုလအတွင်း ရနောင်း၊ ကူရဘူရီနယ်မြေအတွင်းမှာ လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း ရေလုပ်သားတွေ ပင်လယ်အတွင်းက ငါးဖမ်းစက်လှေပေါ်မှာ သေဆုံးသူ ၄ ဦးခန့်ရှိပြီလို့လည်း သိရပါတယ်။
(မြန်မာရေလုပ်သားတစ်ဦးကို ကယ်ဆယ်နေစဉ်။)

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version