Migrant Times Blog အလုပ်သမား သတင်း တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ပန်းရောင်ကတ် ထုတ်ပေးမယ်
အလုပ်သမား သတင်း

တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ပန်းရောင်ကတ် ထုတ်ပေးမယ်

အောက်တိုဘာ ၂ ရက်၊ Migrant Times
ထိုင်းနိုင်ငံအတွင်းက အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်နေထိုင်ပြီး အလုပ်လုပ်ခွင့်ရမဲ့ ပန်းရောင်ကတ် လုပ်ပေးမယ်လို့ ထိုင်းအစိုးရက ကြေညာလိုက်တယ်။
ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် တရားမဝင် အလုပ်သမားတွေအတွက် ပန်းရောင်ကတ်လုပ်ပေးမယ့်အစီအစဥ်တွေကို စက်တင်ဘာ ၂၄ ရက်မှာ ထိုင်းအစိုးရက အတည်ပြုခဲ့တာလို့ Thaiger သတင်းဌာနက ဖော်ပြပါတယ်။
ဒီလို ထိုင်းအစိုးရရဲ့ပန်းရောင်ကတ်လုပ်ပေးမယ့်ကိစ္စဟာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကောင်းမွန်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေတဲ့ရောင်ခြည်ဦးအလုပ်သမားရေးရာအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမိုးကျော်က ဆိုပါတယ်။
ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေ ရောက်လာပြီး လုပ်ငန်းခွင်တစ်ခုခုမှာ လက်ရှိ အလုပ်လုပ်နေတဲ့သူတွေဟာ ပန်းရောင်ကတ်ကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
ပန်းရောင်ကတ်ရှိထားပြီး ၂၀၂၅ ဖေဖော်ဝါရီလမှာ ကတ်သက်တမ်းကုန်မယ့်သူတွေကိုလည်း နောက်ထပ် ၂ နှစ် သက်တမ်းတိုးပေးဖို့ ထိုင်းအစိုးရက စီစဥ်နေပါတယ်။
ဒါ့အပြင် ရာသီအလိုက် ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်တဲ့ အလုပ်သမားတွေအတွက် ပုံမှန် သက်တမ်း ပြန်တိုးဖို့လည်း ထိုင်းအစိုးရက စီစဥ်နေပါတယ်။
ပန်းရောင်ကတ်ပြုလုပ်ပေးမယ့် လုပ်ငန်းစဥ်အဆင့်ဆင့်နဲ့ ဘယ်နေ့စလုပ်ပေးမယ်ဆိုတာကိုတော့ ထိုင်းအစိုးရက ကြေညာထားခြင်းမရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version