ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့နယ်တွင် ဧပြီလ ၁၄ ရက်နေ့က သင်္ကြန်လည်သည့် မြန်မာလူမျိုး အချင်းချင်း စကားများရာမှ ဓားထိုးမှုဖြစ်ကာ တစ်ဦးသေဆုံးခဲ့ကြောင်း ထိုင်း Siamrath သတင်းတွင်ဖော်ပြသည်။
မျက်မြင်များ၏ အဆိုအရ ယမန်နေ့ ဧပြီလ ၁၄ ရက်နေ့ ညနေ ၃ နာရီခန့်က မဟာချိုင်မြို့နယ် ဝီလ ၁၅ လမ်းထိပ်တွင် ရေကစားနေသည့် လူငယ်များက လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးအား မျက်နှာကို ပေါင်ဒါများဖြင့်သုပ်လိမ်းခဲ့ကြောင်း၊ အမျိုးသမီးနှင့်ပါလာသူများက ထိုလူငယ်များနှင့်စကားများရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမျိုးသမီးနှင့်ပါလာသူများက ဓားထုတ်ကာ လိုက်လံတိုက်ခိုက်သဖြင့် သေဆုံးသူသည် ဝီလ ၁၇ လမ်းသို့ ထွက်ပြေးခဲ့ရာ ခြေချော်၍ လဲကျသွားခဲ့ရာမှ ဓားဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူသည် အသက် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်ပြီး ဆမွတ်ဆခွန်ခရိုင်တွင် နေထိုင်သူဖြစ်ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
ဓားဖြင့်ထိုးခဲ့သော အုပ်စုသည် ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် အမြန်ဆုံးထွက်ပြေးခဲ့ပြီး ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများဖြင့် ဧပြီလ ၁၄ ရက်နေ့ ည ၈ နာရီခန့် တွင် ပုန်းအောင်းသည့်နေရာတွင် ဖမ်းမိခဲ့သည်။
အသက် ၂၂ နှစ်မှ အသက် ၃ဝ အရွယ်ခန့်ရှိ ကျူးလွန်သူ မြန်မာလေးဦးအားဖမ်းမိခဲ့ပြီး အသုံးပြုခဲ့သော ဓားနှင့် ထွက်ပြေးရန်အသုံးပြုခဲ့သော မော်တော်ဆိုင်ကယ်ကိုလည်း ပူးတွဲဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့အား “ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာဖြစ်စေခြင်းနှင့် အခြားသူများကို ပူးပေါင်းသတ်ဖြတ်ခြင်း” စွဲချက်ဖြင့် တရားစွဲဆိုခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
ဧပြီလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်၊ စီရာချာခရိုင်ခွဲ၊ ဘိုဝင်းမြို့နယ်၊ မူး ၈ ရှိ တိုက်ခန်းတစ်ခုတွင်လည်း မြန်မာနိုင်ငံသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ဓားဖြင့်ထိုးခဲ့သောကြောင့် တစ်ဦးသေဆုံးခဲ့သည်။
ကိုးကား၊ဓာတ်ပုံ – Siamrath